အကြွေးမပေးသည့် အမျိုးသားအား ဓားဖြင့်ထိုးမှု သာကေတမြို့နယ်တွင် ဖြစ်ပွား

အကြွေးမပေးသည့် အမျိုးသားအား ဓားဖြင့်ထိုးမှု သာကေတမြို့နယ်တွင် ဖြစ်ပွား
Published 5 December 2017

သာကေတမြို့နယ်တွင် အကြွေးမပေးသည့် အမျိုးသားအား ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ဒီဇင်ဘာ ၃ ရက် ည ၇ နာရီကျော်တွင် သာကေတမြို့နယ် (၉) ရပ်ကွက် ကမာကြည် တံတားအနီးတွင် ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ ဓားဖြင့် အထိုးခံရသူမှာ ဦး...(၅၄ နှစ်) ဖြစ်ကြောင်း သိရသည်။

ဓားဖြင့်အထိုးခံရသူမှာ သာကေတမြို့နယ် (၈) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အခြားအမျိုးသားတစ်ဦးနှင့် အကြွေးကိစ္စ စကားများရာမှ ဓားဖြင့်ထိုးခံရခြင်းဖြစ်ကြောင်း သိရသည်။

“ဒဏ်ရာတွေရထားတာတွေ့တော့ ဂရုဏရံသီလူနာတင်ယာဉ်နဲ့ လူနာကို ဆေးရုံကို ပို့လိုက်ပါတယ်။ ဓားနဲ့ထိုးခံရတဲ့သူက (၈) ရပ်ကွက်ထဲမှာနေတာပါ။ အကြွေးကိစ္စနဲ့ဖြစ်တာလို့ သိရတယ်။ ဓားနဲ့ ထိုးခံရတဲ့သူက အခုတော့ သက်သာနေပါပြီ” ဟု သာကေတမြို့ နယ် (၈) ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်မှ ဓားဖြင့်ထိုးသူအား တာဝန်ရှိသူများက အခင်းဖြစ်ပွားသည့်ည၌ပင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကျူးလွန်တဲ့သူကိုတော့ ညတွင်းချင်းပဲ ဖမ်းဆီးရမိပါတယ်။ ဓားနဲ့ထိုးတဲ့သူက သာကေတ (၉) ရပ်ကွက်ထဲမှာနေတာပါ။ ဓားနဲ့ ထိုးရတဲ့အကြောင်းရင်းကတော့ သူရစရာရှိတဲ့ အကြွေးကိုမပေးလို့ ဓားနဲ့ထိုးတာလို့ သိရပါတယ်။ ဓားနဲ့ထိုးခံရတဲ့သူက အကြွေးပေးရမယ့်သူပါ” ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

Most Read

Most Recent