<

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာနှစ်ရွာမှ မြေသိမ်းဆည်းခံရသူများ ပုဒ်မ ၆ (၁) ဖြင့် တရားစွဲခံရခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်း

ပုဒ်မ ၆(၁) ဖြင့် တရားစွဲခံရသည့် တောင်သူများ၏ မိသားစုဝင်များက သတင်းစာရှင်းလင်းစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ မြေမွန်ကျေးရွာနှင့် ဘူးကုန်းကျေးရွာတို့မှ မြေသိမ်းခံရသည့် တောင်သူများ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် မြေသိမ်းခံတောင်သူများအား ပုဒ်မ ၆ (၁) ဖြင့် တရားစွဲခံရခြင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၄ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ပုဒ်မ ၆ (၁) ဖြင့် တရားစွဲဆိုခံရသည့် မြေသိမ်းခံ တောင်သူများ၏ မိသားစုဝင်များနှင့် မြေသိမ်းဆည်းခံရသည်ဟုဆိုသော တောင်သူများက ရန်ကုန်မြို့ရှိ MJN ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“သတင်းစာရှင်းလင်းပွဲလုပ်ရတာက  ကျွန်တော်တို့ သိမ်းဆည်းခံမြေတွေ ပြန်လည်ရရှိရေးအတွက် ပြုလုပ်တာပါ။ ကျွန်တော်တို့ လေးလပိုင်း ၂၇ ရက်မှာ အဲဒီမြေပေါ်မှာ သစ်စေ့ချပွဲပြုလုပ်တယ်။ အဲဒီလိုလုပ်တော့ ကျွန်တော်တို့ တောင်သူငါးဦးကို ပုဒ်မ ၄၄၇/ ၄၂၇/ ၃၅၃ ဆိုပြီးတော့တပ်ပါတယ်။ ပြီးတော့ ငါးလပိုင်းမှာ ပုဒ်မ ၆ (၁) ပြောင်းပြီးတော့ တောင်သူငါးဦးကိုဖမ်းပြီး ရွှေဘိုထောင်ကို ပို့လိုက်ပါတယ်။ ကျွန်တော်တို့တောင်သူတွေက ထောင်ထဲမှာခြောက်လကျော်နေပြီ။ မြေပေါ်မှာ ပေါက်ပြားလေးစိုက်ရုံနဲ့ ဘာအကျိုးမှ ဖျက်ဆီးတာလည်းမရှိဘဲ ပုဒ်မ ၆ (၁)နဲ့ ဖမ်းဆီးခံရတာဟာ နားမလည်သလို ခံပြင်းမိပါတယ်” ဟု မြေသိမ်းဆည်းခံရသည့် တောင်သူ ဦးဝင်းကိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကန့်ဘလူမြို့နယ်ရှိ မြေမွန်ကျေးရွာနှင့် ဘူးကုန်းကျေးရွာတို့မှ လယ်မြေ ၄၀၀၀ ကျော်ကို စိုက်ပျိုးရေးဌာနမှ မျိုးသန့်ခြံစီမံကိန်းအတွက် သိမ်းဆည်းခဲ့ပြီး အဆိုပါသိမ်းဆည်းခံမြေများတွင် တောင်သူများ ဓားမဦးချလုပ်ကိုင်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူများ၏ပြောပြချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး လယ်/ ဆည် ၀န်ကြီးမှ ၂၀၁၇ ခုနှစ် ဧပြီ ၂၁ ရက်တွင် မျိုးစေ့ထုတ်လုပ်မှု လုပ်ငန်းများအတွက် တောင်သူအစုအဖွဲ့များ၊ ပုဂ္ဂလိကမျိုးစေ့ ထုတ်လုပ်ငန်း  ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကုမ္ပဏီတစ်ခုသို့ လုပ်ပိုင်ခွင့်ချပေးမည့်အကြောင်း တောင်သူများက သိရသည့်အတွက် တောင်သူများသာ လုပ်ပိုင်ခွင့်ရရေးနှင့် ကုမ္ပဏီများအား လုပ်ပိုင်ခွင့်မပြုရေးအတွက် ဒေါ်တင်ဌေးပါ ငါးဦးက ဦးဆောင်ကာ လူအင်အားဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းနှင့် အဆိုပါမြေများပေါ်တွင် လေးရက်ဆက် သစ်စေ့ချခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပြုလုပ်သည့်အတွက် စိုက်ကွင်းဒါရိုက်တာဆိုသူ ဦးစိုးနိုင်က ရာဇသတ်ကြီး ပုဒ်မ ၄၄၇/ ၄၂၇/ ၃၅၃ တို့ဖြင့် ဦးဆောင်သူ အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးတို့ကို တရားစွဲခဲ့ကြောင်း၊ ယင်းအမှုရင်ဆိုင်နေစဉ် ဒုတိယရုံးချိန်းတွင် ပုဒ်မ ၆ (၁) ဖြင့် ပြောင်းလဲတရားစွဲဆိုပြီး တောင်သူငါးဦးအား ဖမ်းဆီး၍ ရွှေဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူများထံမှ သိရသည်။

ယင်းသို့ တောင်သူများအပေါ် ပုဒ်မ ၆ (၁) ဖြင့် တရားစွဲဆိုထားခြင်းမှာ မတရားကြောင်း၊ တောင်သူများအနေဖြင့်မည်သည့် နိုင်ငံတော်ပိုင် ပစ္စည်းသီးနှံအဆောက်အအုံကိုမျှ မဖျက်ဆီးကြောင်း၊ သီးနှံစိုက်ပျိုးထားခြင်းမရှိသော မြေလွတ်များပေါ်တွင် ပေါက်ပြားဖြင့် သစ်စေ့ချခြင်းသာ ဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့၏ ပြောပြချက်အရ သိရသည်။

 

December 4, 2017














Copy Protected by Chetan's WP-Copyprotect.