မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်နယ်စပ်ဂိတ်၌ မြန်မာဘက်မှ ဆန်တင်ပို့နေသည့်ကားများကို တရုတ်ဘက်က ဖမ်းဆီးမှုပြုလုပ်လျက်ရှိကြောင်း သိရ

မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်နယ်စပ်ဂိတ်၌ မြန်မာဘက်မှ ဆန်တင်ပို့နေသည့်ကားများကို တရုတ်ဘက်က ဖမ်းဆီးမှုပြုလုပ်လျက်ရှိကြောင်း သိရ
Published 5 December 2017

ပြည်တွင်းပြည်ပဈေးကွက်သို့ ဖြန့်ချိရန် ဆန်များသိုလှောင်ဖြန့်ဖြူးနေမှုကို တွေ့ရစဉ်

မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ဂိတ်၌ မြန်မာဘက်မှ တရုတ်ဘက်သို့ ဆန်တင်ပို့နေသည့် ကားများကို ဒီဇင်ဘာ ၃ ရက်ကစပြီး တရုတ်ဘက်မှ ဖမ်းဆီးနေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

“လွယ်ဂျယ်မှာ မနေ့က ဆန်ကားတွေကို တရုတ်ဘက်က ဖမ်းနေတယ်။ ဆန်ကားအစီး ၃၀၊၄၀လောက် အဖမ်းခံလိုက်ရတယ်၊ အိတ်ရေနဲ့ဆိုရင် ၅၀၀၀နဲ့ ၁၀၀၀၀ ကြားတော့ ရှိမယ်” ဟု လွယ်ဂျယ်နယ်စပ်မှတစ်ဆင့် တရုတ်ဘက်သို့ ဆန်တင်ပို့နေသည့် ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်တွင်းဆန်ဈေးကွက်၌ ဆန်ဈေးအနည်းငယ်ကျဆင်းလာကြောင်း၊ သို့သော်လည်း ယခင်နှစ်ကာလတူ နှင့်နှိုင်းယှဉ်ပါက လက်ရှိကျဆင်းနေသည်ဆိုသည့် ဆန်ဈေးမှာ ယခင်နှစ်ဆန်ဈေးထက်ပင် မြင့်နေကြောင်း မန္တလေးမှ ဆန်ကုန်သည် ကိုစိုင်းကျော်က ပြောကြားသည်။

“ဆန်ဈေးကျတယ်ဆိုပေမယ့် ဒီအချက်လေးတွေ ရှိပါသေးတယ်။ ၁၂ လပိုင်း ၂၀၁၆ မန္တလေးဈေးက သုခ ၁၈၀၀၀ ဝန်းကျင်၊ ကရင်မ ၂၀၀၀၀ ဝန်းကျင်ရှိခဲ့တယ်၊ အခုပေါက်ဈေးပေါ့၊၂၀၁၇မှာ သုခ ၂၁၀၀၀ ဝန်းကျင်၊ ကရင်မ ၂၃၀၀၀ ဝန်းကျင်ရှိနေတယ်ဆိုတော့ မနှစ်ကထက်စာရင် အများကြီးပိုပါသေးတယ်” ဟု ကိုစိုင်းကျော်က ပြောကြားသည်။

“တောင်သူတွေ ပေါ်ဦးပေါ်စဈေးကောင်း ရသွားကြတယ်။ စက်ပိုင်တချို့ စပါးအမြင့်ဈေးနဲ့ လုပ်ရတာ ကျပ်သွားကြတယ်။ ကုန်သည်တချို့ဆို အနည်းငယ်ဈေးမြင့်နဲ့ မိသွားကြလို့ အရှုံးနဲနဲပေါ်သွားကြတယ်။ အရေးကြီးဆုံးအချက်က စပါးဈေး ဆန်ဈေးဟာ တရုတ်နယ်စပ် အရောင်းအဝယ်နဲ့ အများဆုံးအချိုးကျတယ်။ Normal သမားတွေက ပြည်ပကို တန်ချိန်ဘယ်လောက်များများ ရောင်းထားပါစေ ရောင်းထားကြသူတွေဟာ လူနည်းစုဆိုတော့ ဈေးကွက်ကို ကစားနိုင်ကြတယ်။ အားလုံးခြုံကြည့်မယ်ဆိုရင် မြန်မာ့ဆန်စပါးဈေး ကွက်ကောင်းမွန်စေဖို့ တရုတ် Border ကို အများဆုံး အားကိုးနေရတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး” ဟု ၎င်းက သုံးသပ်ပြောကြားသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်ပိုင်းအထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန် ချိန်နှစ်သန်းကျော် တင်ပို့ထားပြီဖြစ်ကြောင်းနှင့် ဘဏ္ဍာနှစ်ကုန်ဆုံးရန် လေးလကျန်ရှိနေချိန်၌ပင် ယခုနှစ်လျာထားချက်ထက် ပိုမိုတင်ပို့ထားပြီဖြစ်ကြောင်း  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ယခင်နှစ်များက  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ရက်လျှင် တန်ချိန်၂၀၀၀-၅၀၀၀ တန်ကြားသာ တင်ပို့နိုင်သော်လည်း ယခုနှစ်လက်ရှိ အချိန်တွင်နေ့စဉ်တန်ချိန် ၇၀၀၀မှ ၉၀၀၀ ကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း၊ အခြားနယ်စပ် ထွက်ပေါက်လေးပေါက်မှတင် ပို့မှုများပါ ထည့်သွင်းတွက်ချက်ပါက တစ်ရက်လျှင် ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သောင်း ကျော်တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်းတင်ပို့ရန် ရည်မှန်းချက် ထားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ယခုနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ မြန်မာ့ဆန်တင်ပို့မှု အနေအထားကို လေ့လာကြည့်ပါက နိုင်ငံပေါင်း ၅၀ကျော်ကို တင်ပို့နေခြင်းဖြစ်ပြီး အများစုမှာ တရုတ်နိုင်ငံသို့လည်းကောင်း၊ ဒုတိယအများဆုံးအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent