အစုရှယ်ယာ ၁၁ သိန်းကျော်အတွက် ကျပ် ၁၁ ဘီလျံကျော် မ,တည်ထားသည့် တာမိုးညဲ ဦးမြင့်လွင်၏ TMH တယ်လီကွန်း ဈေးကွက်ကျဆင်းနေသည့် ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်ရန် ခွင့်ပြုချက်ရရှိ

အစုရှယ်ယာ ၁၁ သိန်းကျော်အတွက် ကျပ် ၁၁ ဘီလျံကျော် မ,တည်ထားသည့် တာမိုးညဲ ဦးမြင့်လွင်၏ TMH တယ်လီကွန်း ဈေးကွက်ကျဆင်းနေသည့် ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်ရန် ခွင့်ပြုချက်ရရှိ
Published 5 December 2017

ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်အခြေအနေနှင့် စာရင်းဝင်ကုမ္ပဏီများ၏ အရောင်းအဝယ်ဖြစ်မှုကို လာရောက်စောင့်ကြည့်သူများကို တွေ့ရစဉ်

ဈေးကွက်အရောင်းအဝယ် ကျဆင်းမှု ဖြစ်ပေါ်နေသည့် ရန်ကုန်စတော့အိတ်ချိန်းသို့ ငါးခုမြောက်စာရင်းဝင် ကုမ္ပဏီအဖြစ် ရှမ်းပြည်နယ်လွှတ်တော် ကွတ်ခိုင် (၂) လွှတ်တော်ကိုယ်စားလှယ် တာမိုးညဲ ဦးမြင့်လွင်၏ TMH Telecom Public Company Limited စ တင်ဝင်ရောက်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက ဒီဇင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။

၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် နှစ်ကြိမ်ဆက်အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးမြင့်လွင် (ခ) ဦးဝမ်ကွယ်တာ၏ တာမိုးညဲလုပ်ငန်းစု များအနက်မှ ရန်ကုန်စတော့အိတ်ချိန်းသို့ စတင်ဝင်ရောက်လာသည့် TMH Telecom ဒါရိုက်တာအဖွဲ့ဝင်များစာရင်းတွင် ဦးမြင့်လွင် (ဥက္ကဋ္ဌ)၊ ဦးဒေးဗစ်အိုလီ ဗာအေဘယ်လ် (သီးခြားလွတ်လပ်သော ဒါရိုက်တာ)၊ ဦးသီဟလွင် (အုပ်ချုပ်မှု ဒါရိုက်တာ)၊ ဦးကျော်စွာလွင် (အလုပ်အမှုဆောင် ဒါရိုက်တာ)၊ ဒေါ်ခင်နှင်းလွင် (ဒါရိုက်တာ)၊ ဒေါ်နန်းလဲ့ရည်စိုး (အလုပ်အမှုဆောင် ဒါရိုက်တာ)၊ ဒေါ်ဥမ္မာလွင် (ဒါရိုက်တာ)၊ ဒေါ်သူဇာ (အလုပ်အမှုဆောင်ဒါရိုက်တာ)၊ ဦးအောင်သန်း (သီးခြားလွတ်လပ်သော ဒါရိုက်တာ)၊ ဦးသိန်းဇော် (သီးခြားလွတ်လပ်သော ဒါရိုက်တာ) များက ဦးဆောင်မည် ဖြစ်သည်။

TMH Telecom တွင် ယခုနှစ် ဇွန် ၂၃ ရက်အထိ အစုရှယ်ယာပေါင်း ၁၁၅၄၆၂၄၀ စု ရှိနေပြီး မ,တည်ငွေရင်းမှာ ကျပ် ၁၁ ဒသမ ၅ ဘီလျံကျော် (၁၁ ၅၄၆ ၂၄၀ ၀၀၀) ဖြစ်သည်။

တာမိုးညဲချမ်းသာထွန်းဝေသာ အမည်ဖြင့် ၂၀၀၇ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် TMH Telecom Public Company Limited အများပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲခဲ့သည့် TMH သည် လက်ရှိတွင် ဆက်သွယ်ရေးနည်းပညာတပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဖုန်းငွေဖြည့်ကတ်ထုတ်လုပ်ခြင်း အစရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အရည်အသွေးမြင့် စီမံခန့်ခွဲမှုဆိုင်ရာ ISO 90012008 ကို ၂၀၁၆ ခုနှစ်တွင် ရရှိထားသည်။

အခွန်ထမ်းဆောင်မှုများအဖြစ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ပေးဆောင်မှုတွင် ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်၌ အမှတ်စဉ် ၂၆၇ တွင် ရပ်တည်ခဲ့ပြီး  ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်တွင် အဆင့် ၂၀၆ ၌ ရပ်တည်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် Huawei Enterprise Ltd ၏ Authorized Partner အဖြစ် ရပ်တည်ဆောင်ရွက်နေပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်းစာရင်း ဝင်ကုမ္ပဏီအဖြစ် ခွင့်ပြုချက်ရရှိခဲ့ကာ အစုရှယ်ယာများ စတင်ရောင်းချမည့်အချိန်ကိုမူ ရန်ကုန်စတော့အိတ်ချိန်းမှ ထပ်မံကြေညာမည် ဖြစ်သည်။

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် FMI, MTSH, FTP နှင့် MCB တို့ ရှိနေပြီး ၂၀၁၆ ခုနှစ်တွင် အရောင်းအဝယ်ဖြစ်ပေါ်မှု ထက်လက်ရှိနှစ်တွင် ကျဆင်းနေကာ အစုရှယ်ယာဈေးနှုန်းများလည်း ကျဆင်းမှု ဖြစ်ပေါ်နေသည်။

Most Read

Most Recent