ပခုက္ကူ ကြက်သွန်နီဈေးကွက်အတွင်း မိုးကြက်သွန်နီအသစ် ဝင်ရောက်မှုများပြီး ဝယ်လက်များပြားခြင်းကြောင့် တစ်ပိဿာအမြင့်ဆုံး ကျပ်၂၀၀၀ ဖြင့် ရောင်းဝယ်နေ

ပခုက္ကူ ကြက်သွန်နီဈေးကွက်အတွင်း မိုးကြက်သွန်နီအသစ် ဝင်ရောက်မှုများပြီး ဝယ်လက်များပြားခြင်းကြောင့် တစ်ပိဿာအမြင့်ဆုံး ကျပ်၂၀၀၀ ဖြင့် ရောင်းဝယ်နေ
Published 5 December 2017

ပခုက္ကူ ကြက်သွန်နီဈေးကွက်အတွင်း ယခုဒီဇင်ဘာလဆန်ပိုင်းတွင် မိုးကြက်သွန်နီ အသစ်များ ဝင်ရောက်မှုများ ပြားနေပြီး ဝယ်လက်များပြားခြင်းကြောင့် တစ်ပိဿာအမြင့်ဆုံး ကျပ် ၂၀၀၀ ဖြင့် ရောင်းဝယ်နေကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။

ယခု ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ပခုက္ကူ ကြက်သွန်နီဈေးကွက်သို့ မိုးကြက်သွန်နီသစ် တစ်ရက်လျှင် အနည်းဆုံးပိဿာချိန် ငါးသောင်းခန့် ဝင်ရောက်နေပြီး ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် လာရောက်ရောင်းချသည့် တောင်သူများပြားကြောင်း သိရသည်။

“လက်ရှိဈေးကတော့ တောင်သူတွေအတွက် အဆင်ပြေတယ်။ ဒါကြောင့် ကြက်သွန်နုတ်ပြီး သန့်စင်ပြီးတာနဲ့ လာရောင်းတာ။ ဒီထက် ဈေးတက်သည်ထိ မစောင့်ရဲဘူး။ ကြက်သွန်က ဝယ်သူရှိရင် ဈေးကောင်း။ ဝယ်သူနည်းရင် ဈေးကျဆိုတော့ ကိုယ့်အတွက် ကျန်မယ့်ဈေးဆို လာရောင်းလိုက်တာပဲ။ အများကြီးမြတ်မှရယ် မမျှော်ထားဘူး။ ရာသီသိမ်းချိန်အထိ လက်ရှိဈေးတန်းအတိုင်းသွားမယ်ဆိုရင် အဆင်ပြေပါတယ်။ အခုနောက်ပိုင်း စိုက်ပျိုးစရိတ်တွေ တက်လာတော့ တောင်သူတွေအတွက်က တစ်ပိဿာ ကျပ် ၁၅၀၀ လောက် အနည်းဆုံးရောင်းရမှ အဆင်ပြေတာ” ဟု ရေစကြိုမြို့နယ် မထီးကျေးရွာမှ ကြက်သွန်စိုက်တောင်သူ ကိုညီက ပြောကြားသည်။

ယခု ဒီဇင်ဘာ ၄ ရက်တွင် ပခုက္ကူ ကြက်သွန်နီဈေးကွက်သို့ ကြက်သွန်နီသစ်ပိဿာချိန် ရှစ်သောင်းကျော် ဝင်ရောက်ပြီး ဂျွန်ကြီးတစ်ပိဿာ ကျပ် ၁၉၀၀ - ၂၀၀၀၊ ဂျွန်လတ် တစ်ပိဿာ ကျပ် ၁၇၀၀ - ၁၈၀၀ နှင့် ဂျွန်သေး တစ်ပိဿာ ကျပ် ၁၀၀၀ - ၁၅၀၀ ဖြင့် ရောင်းဝယ်ကြကြောင်း ပခုက္ကူကုန်စည်ဒိုင် ဈေးနှုန်းမှတ်တမ်းအရ သိရသည်။

“ယောချောင်း ကြက်သွန်တုန်းကလည်း ဈေးကောင်းတော့ ရောင်းကြဝယ်ကြနဲ့ လက်ကျန်နည်းတယ်။ အခုမိုး ကြက်သွန် ဝင်လာတော့လည်း လက်လီလက္ကားရောင်းဖို့အတွက် ဝယ်သူများတော့ အရောင်းအဝယ်သွက်တယ်။ ကြက်သွန်စိုက်ဧကလည်း ဒီနှစ်နည်းတယ်လို့ သိထားတော့ ကုန်ဝင်တဲ့အချိန် ဝင်သမျှဝယ်ကြတယ်။ ခပ်သွက်သွက်ပဲ။ လက်ရှိဈေးအနေ အထားအရ တောင်သူတွေ အကျိုးရှိမှာပါ” ဟု ပခုက္ကူမြို့ခံ ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

ယခုနှစ် စက်တင်ဘာလ မြစ်ရေတက်ကာလပြီးနောက် စိုက်ပျိုးခဲ့သည့် စိုက်ခင်းများမှာ အပင်စတင်ဖြစ်ထွန်းချိန်တွင် မိုးနှောင်းမိုးရွာသွန်းမှု ကြုံတွေ့ရသည့်အတွက် အပင်ဖျက်ပိုးကျရောက်မှု ကြုံတွေ့ရခြင်းကြောင့် အထွက်နှုန်းလျော့ကျခဲ့ကြောင်း သိရသည်။

Most Read

Most Recent