မျိုးသုဉ်းရန်စိုးရိမ်နေရသော ဝက်ဝံမျိုးစိတ်နှစ်မျိုးကို ထမံသီဘေးမဲ့တောတွင် ဒုတိယအကြိမ် စာရင်းကောက်နေ

မျိုးသုဉ်းရန်စိုးရိမ်နေရသော ဝက်ဝံမျိုးစိတ်နှစ်မျိုးကို ထမံသီဘေးမဲ့တောတွင် ဒုတိယအကြိမ် စာရင်းကောက်နေ
Published 5 December 2017

ထမံသီဘေးမဲ့တောတွင် ယခင်က တပ်ဆင်ခဲ့သော ကင်မရာထောင်ချောက်မှ ရရှိသောဝက်ဝံပုံ (ဓာတ်ပုံ - ထမံသီဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံး)

မျိုးသုဉ်းရန်စိုးရိမ်နေရသော မြန်မာနိုင်ငံရှိ ဝက်ဝံမျိုးစိတ် နှစ်မျိုးကို ထမံသီဘေးမဲ့တောတွင် ဒုတိယအကြိမ် စာရင်းကောက်နေကြောင်း သိရသည်။

ထိုစာရင်းကောက်ယူမှုကို သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ ပူးပေါင်းကောက်ယူခြင်း ဖြစ်ကြောင်းနှင့် စာရင်းကောက်ယူမည့် ဝက်ဝံမျိုးစိတ်နှစ်မျိုးမှာ ဟိမဝန္တာဝက်ဝံနှင့် မလေးဝက်ဝံမျိုးစိတ်များဖြစ်ပြီး ထမံသီဘေးမဲ့တောတွင် ကင်မရာထောင်ချောက် အလုံးရေ ၂၀၀ ကျော်ခန့် တပ်ဆင်ပြီး စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ လက်ထောက်သုတေသနမှူး ဦးဇာနည်အောင်က ပြောကြားသည်။

“ထမံသီဘေးမဲ့တောအတွင်းမှာ ဝက်ဝံကောင်ရေ ဘယ်လောက်ရှိသေးသလဲ ဆိုတာရယ်။ သူတို့ရဲ့ နေထိုင်ကျက်စားမှုတွေကို ပိုပြီးသိရှိနိုင်အောင်လို့ စာရင်းကောက်တာဖြစ်ပါတယ်” ဟု ဦးဇာနည်အောင်က ပြောကြားသည်။

ထမံသီဘေးမဲ့တောရှိ ဝက်ဝံများကို ၂၀၁၆ ခုနှစ်မှစတင်၍ စာရင်းကောက်ယူခဲ့ပြီး လတ်တလောတွင် လေးနှစ်စီမံကိန်းဖြင့် စာရင်းကောက်ယူရန် လျာထားကြောင်းနှင့် ဘေးမဲ့တောရှိ ဝက်ဝံကောင်ရေကို အတိအကျ မသိရှိနိုင်သေးကြောင်း သိရသည်။

“အခုအကြိမ်ကောက်မှာက ဒုတိယအကြိမ်ပေါ့။ ဒုတိယအကြိမ်ဆိုပေမယ့် ဒီဘေးမဲ့တောမှာရှိတဲ့  ဝက်ဝံကောင်ရေ ဘယ်လောက်ရှိလဲဆိုတာကိုတော့ မပြောနိုင်သေးဘူး။ ဒုတိယအကြိမ်အတွက်က ကောက်ပြီးရင် စာရင်းချုပ်ရဦးမှာပါ။ စာရင်းချုပ်ပြီးရင်လည်း တောထဲမှာရှိတဲ့ ဝက်ဝံအကောင်အရေအတွက် အတိအကျမပြောနိုင်သေးဘဲ နှစ်နှစ်စာအတွက်လောက်ပဲ ခန့်မှန်းသိနိုင်မှာ ဖြစ်ပါတယ်။ ထမံသီတောထဲမှာ ဟိမဝန္တာဝက်ဝံနဲ့ မလေးဝက်ဝံမျိုးစိတ် နှစ်မျိုးစလုံးရှိပါတယ်။ ဘယ်မျိုးစိတ်က ပိုများလဲဆိုတာတော့ မပြောနိုင်သေးဘူး။ မနှစ်ကရခဲ့တဲ့ ကင်မရာမှတ်တမ်းအရ တစ်ခါတစ်ရံ ကျားမှာရတဲ့ ကင်မရာမှတ်တမ်းမှာ ဟိမဝန္တာဝက်ဝံက ပိုများပြီး အင်းကျားမှာရတဲ့ မှတ်တမ်းဓာတ်ပုံမှာ မလေးဝက်ဝံက ပိုများနေတာတွေ့ရတယ်။ ဘယ်မျိုးစိတ်က ပိုများလဲဆိုတာ ဒေတာတွေကို နှစ်စဉ်လုပ်ပြီး နှိုင်းယှဉ်ကြည့်ပြီးမှ သိနိုင်မယ်” ဟု ဦးဇာနည်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဟိမဝန္တာဝက်ဝံနှင့် မလေးဝက်ဝံဟူ၍ ဝက်ဝံမျိုးစိတ်နှစ်မျိုးရှိရာ ထမံသီဘေးမဲ့တောတွင် ထိုမျိုးစိတ် နှစ်မျိုးလုံး နေထိုင်ကျက်စားကြောင်းနှင့် ဟိမဝန္တာဝက်ဝံ၏ ရင်ဘတ်တွင် အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဌာန် အဖြူရောင် အမွေးပါရှိပြီး မလေးဝက်ဝံထက် အမွေးပိုထူပြီး ကြမ်းတမ်းကာ မလေးဝက်ဝံ၏ ရင်ဘတ်တွင် အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဌာန် အဖြူရောင်အမွေးပါရှိပြီး အမွေးများမှာ ဟိမဝန္တာဝက်ဝံထက် ပါးကြောင်း သိရသည်။

ဝက်ဝံများကို အကောင်လိုက် သယ်ယူရောင်းချခြင်း၊ ၎င်းတို့၏ ကိုယ်ခန္ဓာအစိတ် အပိုင်းများကို သယ်ယူရောင်းချခြင်းစသည့် ဝက်ဝံများကို တရားမဝင်သတ်ဖြတ် ရောင်းဝယ်ခြင်း၊ ၎င်းတို့ နေထိုင်ကျက်စားရာ စားကျက်မြေများ ရှားပါးလာခြင်း၊ သစ်တောများ ပြုန်းတီးခြင်းစသည့် အချက်များကြောင့် မြန်မာနိုင်ငံရှိ ဝက်ဝံကောင်ရေများ လျော့နည်းကျဆင်းလာပြီး မျိုးသုဉ်းရန် စိုးရိမ်နေရကြောင်း သိရသည်။

ထမံသီဘေးမဲ့တောရှိ ဝက်ဝံများကို စာရင်းကောက်ယူရန် တပ်ဆင်ထားသော ကင်မရာထောင်ချောက်များသည် ဝက်ဝံများကို သာမက ဘေးမဲ့တောရှိ အခြားရှားပါးတိရစ္ဆာန်များကို မှတ်တမ်းတင်ထားမည်ဖြစ်သောကြောင့် ထိုကင်မရာမှတ်တမ်းများမှတစ်ဆင့် အခြားရှားပါးတိရစ္ဆာန်များ၏ နေထိုင်ကျက်စားမှုနှင့် ပျံ့နှံ့တည်ရှိပုံကိုပါ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent