နေထိုင်စားသောက်ရေး ကျပ်တည်းသဖြင့် တစ်နေ့လျှင် အနည်းဆုံး အခကြေးငွေ ကျပ် ၅၆၀၀ ထက်မနည်း အမြန်ဆုံး သတ်မှတ်ပေးရန် လှိုင်သာယာမြို့နယ်တွင် အလုပ်သမား ထောင်နှင့်ချီ၍ ဆန္ဒထုတ်ဖော်

နေထိုင်စားသောက်ရေး ကျပ်တည်းသဖြင့် တစ်နေ့လျှင် အနည်းဆုံး အခကြေးငွေ ကျပ် ၅၆၀၀ ထက်မနည်း အမြန်ဆုံး သတ်မှတ်ပေးရန် လှိုင်သာယာမြို့နယ်တွင် အလုပ်သမား ထောင်နှင့်ချီ၍ ဆန္ဒထုတ်ဖော်
Published 4 December 2017

တစ်နေ့လုပ်ခ ကျပ် ၅၆၀၀ သတ်မှတ်ရေး စက်ရုံပေါင်းစုံမှ အလုပ်သမားများ လှိုင်သာယာမြို့နယ်အတွင်း ဒီဇင်ဘာ ၃ ရက်က ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ကြည်နိုင်)

ကုန်ဈေးနှုန်းများ မြင့်မားနေမှုနှင့်အတူ နေထိုင်စားသောက်ရေး ကျပ်တည်းနေသဖြင့် တစ်နေ့လျှင် အနည်းဆုံး အခကြေးငွေ ကျပ် ၅၆၀၀ ထက်မနည်း အမြန်ဆုံး သတ်မှတ်ပေးရေးအတွက် ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီ တွင် လှိုင်သာယာမြို့နယ်၌ အလုပ်သမား ထောင်နှင့်ချီ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုသို့ဆန္ဒထုတ်ဖော်မှုကို အနည်းဆုံး အခကြေးငွေနှင့် အလုပ်သမား အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ သန်လျင်မြို့နယ်၊ လှိုင်မြို့နယ်၊ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် ပဲခူးမြို့၊ သာယာဝတီမြို့၊ ဆွာမြို့ စသည်တို့မှ အလုပ်သမားများက တစ်နေ့လျှင် အနည်းဆုံး အခကြေးငွေ ကျပ် ၅၆၀၀ ထက်မနည်း အမြန်ဆုံး သတ်မှတ်ရေးအတွက် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။

“အဓိက,ကတော့ အလုပ်သမားတွေအတွက် တစ်နေ့ကို ကျပ် ၅၆၀၀ ထက်မနည်း ရရှိရေးအတွက် ဆန္ဒထုတ်ဖော်တာပါ။ အနည်းဆုံး အလုပ်ခကြေးငွေ ဥပဒေက နှစ်နှစ်တစ်ခါ ပြင်ရတာပေါ့။ အခုက နှစ်နှစ်ကျော်သွားပြီ။ မပြင်နိုင်သေးဘူး။ အနည်းဆုံး လုပ်ခကြေးငွေ သတ်မှတ်ရေးကော်မတီ ဆိုတာရှိတယ်။ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ ရေးဆွဲထားတာပါ။ အဲဒီကော်မတီကနေ နှုန်းထားတွေကို သုတေသန လုပ်ကြတာပါ။ သုတေသနရလဒ် မထွက်သေးခင်မှာကို အလုပ်သမား ဝန်ကြီးဌာနကနေ ၄၄၀၀ နဲ့ ၄၈၀၀ ကြား လျာထားတယ်ဆိုတဲ့ကိစ္စ ပေါ်လာတယ်။ အဲဒီအတွက် ကျွန်တော်တို့က ၅၆၀၀ တောင်းတယ်။ အရင်တုန်းက ၃၆၀၀ သတ်မှတ်တုန်းက သုံးဒေါ်လာနဲ့ သတ်မှတ်ထားတာပါ။ သုံးဒေါ်လာကို ၁၂၀၀ သတ်မှတ်လို့ ၃၆၀၀ ဖြစ်တာပါ။ အခုချိန်မှာ ဒေါ်လာဈေးက ၁၃၅၀ ဖြစ်နေတယ်။ သုံးဒေါ်လာနဲ့ပြောရင်တောင် ၄၀၈၀ လောက်ရှိတယ်။ ကမ္ဘောဒီးယားလို နိုင်ငံမှာတောင် ခြောက်ဒေါ်လာ ဖြစ်နေပြီ။ အဲဒီအတွက် မြန်မာနိုင်ငံမှာ ၅၆၀၀ ရရှိရေးအတွက် တောင်းဆိုတာပါ။ အလုပ်သမားတစ်ယောက် အတွက်ကတော့ တစ်နေ့ကို ၅၆၀၀ ကျော်ရမှကို ရပ်တည်ဖို့အတွက် ဖြစ်နိုင်ပါတယ်” ဟု အနည်းဆုံး အခကြေးငွေနှင့် အလုပ်သမား အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင် ကိုနန္ဒာစစ်အောင်က ပြောကြားသည်။

အလုပ်သမားများ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်လမ်း မီးခွက်ဈေး အောက်ထပ်မှ တပင်ရွှေထီးလမ်းအတိုင်း လှိုင်သာယာမြို့နယ်အား ကစားကွင်းအထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ပြီး ‘အနည်းဆုံးအခကြေးငွေ တစ်ရက်လျှင် ၅၆၀၀ ကျပ်ထက်မနည်း အမြန်ဆုံးသတ်မှတ်ရေး ဒို့အရေး’ စာသားပါ ဗီနိုင်းများကို ကိုင်ဆောင်၍ ကြွေးကြော်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

“ဒီဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ရတာက ကိုယ်ကိုယ်တိုင်လည်း အလုပ်သမားဖြစ်တယ်။ အလုပ်လုပ်နေရတဲ့သူလည်း ဖြစ်ပြီးတော့ မြန်မာနိုင်ငံ တစ်ခုလုံးက အလုပ်သမားတွေနဲ့ ထပ်တူဖြစ်တဲ့အတွက် ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ဖြစ်တာပါ။ မပြေလည်မှုတွေဆိုရင် ကုန်ဈေးနှုန်းက အဆမတန် တက်နေတယ်။ နေရေးထိုင်ရေး အတွက်ကလည်း အဆောင်ခတွေ၊ မီးခတွေက အဆမတန် အရမ်းတက်လာတယ်။ အဲဒီအတွက် ကျွန်မတို့အတွက် မလုံလောက်ဘူး ဖြစ်နေတယ်။ ဝင်ငွေထွက်ငွေ မမျှဘူး။ ထွက်ငွေက များနေတယ်။ အဲဒီလို အခက်အခဲမျိုးတွေ ရှိပါတယ်။ ပြောရရင် ဒီမှာက နယ်ကလာလုပ်တဲ့ အလုပ်သမားတွေဆိုရင် တော်တော်များများ ဒုက္ခရောက်နေတဲ့သူတွေ ရှိတယ်။ အဲဒီအတွက် ၃၆၀၀ နဲ့ မလုံလောက်တဲ့အတွက် ၅၆၀၀ ရရှိရေးကို တောင်းဆိုရတာပါ” ဟု အလုပ်သမား မမြသက်မွန်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အနည်းဆုံးလုပ်ခ တစ်ရက်လျှင် ကျပ် ၃၆၀၀ ကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁ ရက်က စတင်သတ်မှတ်ပေးခဲ့ပြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်တွင် နှစ်နှစ်လျှင် တစ်ကြိမ် ပြင်ဆင်သတ်မှတ်ပေးရန်တွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။

“အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေဟာ မလေးစားရာ ရောက်နေတယ်။ ပုဒ်မ ၅ (ဇ) အရ နှစ်နှစ်လျှင် တစ်ကြိမ်၊ ပထမဆုံး ထုတ်ပြန်ထားတာက ၂၀၁၅ ခုနှစ် သြဂုတ် ၂၈ ရက် ထုတ်ပြန်ထားတယ်။ ၂၀၁၅ စက်တင်ဘာ ၁ ရက်မှ သက်ရောက်တယ်။ အခုက  နှစ်နှစ်တစ်ကြိမ်ကျော်ပြီး အတွင်းမှာ ဝန်ကြီးဌာနက ဥပဒေကို မလိုက်နာသလို ဖြစ်နေပြီ။ ဝန်ကြီးဌာနရဲ့ တရားဝင် ထုတ်ပြန်ချက်အရက မေလမှ ထုတ်ပြန်နိုင်မယ်ဆိုတော့ အလွန်ကြန့်ကြာနေပြီ။ ဝန်ကြီးကိုယ်တိုင်က လွှတ်တော်ကို တင်မယ်ပဲ ပြောနေတာ ဥပဒေမှာ မပါဘူး။ ဥပဒေမှာက အလုပ်သမား ဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်ရမှာ။ အဲဒီတော့ ဝန်ကြီးဌာနဘက်က ဥပဒေ မညီတာ များတဲ့အခါမှာ အလုပ်သမားတွေ ဘက်ကလည်း ဒါတွေဆောင်ရွက်တာ ဖြစ်လာတယ်။  လက်ရှိဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေဟာ ဥပဒေနဲ့မညီဘူး ဆိုတာကို ကျွန်တော် ပြောချင်ပါတယ်” ဟု အနည်းဆုံး အခကြေးငွေနှင့် အလုပ်သမား အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဝင်ရှေ့နေ ဦးဌေးက ပြောကြားသည်။

ယခုကဲ့သို့ တစ်ရက်လျှင် ကျပ် ၅၆၀၀ ရရှိရေးအတွက် NLD အစိုးရလက်ထက်တွင် အလုပ်သမားများ ဆန္ဒထုတ်ဖော်မှု လေးကြိမ်ခန့် ပြုလုပ်ထားကြောင်း သိရပြီး ပြီးခဲ့သည့် သြဂုတ် ၁၃ ရက်ကလည်း  ကုန်ဈေးနှုန်းများ မြင့်မားနေသဖြင့် တစ်နေ့လျှင် အနည်းဆုံးအခကြေးငွေ ကျပ် ၅၆၀၀ အမြန်ဆုံး သတ်မှတ်ပေးရေး အပါအဝင် အချက်ငါးချက် ရရှိရေးအတွက် လှိုင်သာယာမြို့နယ်တွင် အလုပ်သမား ၂၀၀၀ ခန့်က တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အလားတူ ပြီးခဲ့သည့်  နိုဝင်ဘာ ၂၄ ရက် ကလည်း အနည်းဆုံးအခကြေးငွေ တစ်ရက်လျှင် ကျပ် ၅၆၀၀ ထက်မနည်း အမြန်ဆုံးသတ်မှတ်ပေးရေး ကမ်ပိန်းလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီး အပါအဝင် အခြားမြို့နယ် ၁၁ မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။