စစ်တွေသို့ ရောက်ရှိနေသော နေရပ်စွန့်ခွာ ဟိန္ဒူများ ယခုရက်ပိုင်းအတွင်း မောင်တောသို့ အပြီးပြန်ကြမည်

စစ်တွေသို့ ရောက်ရှိနေသော နေရပ်စွန့်ခွာ ဟိန္ဒူများ ယခုရက်ပိုင်းအတွင်း မောင်တောသို့ အပြီးပြန်ကြမည်
Published 4 December 2017

စစ်တွေမြို့ ဓညဝတီ ဘောလုံးကွင်း အတွင်းမှ အဆောက်အအုံတွင် ခိုလှုံနေသော မောင်တောမြို့နယ် အတွင်းမှ ဟိန္ဒူဘာသာဝင်များအား တွေ့ရစဉ်

ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများရန်ကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာ ဟိန္ဒူများ မောင်တောသို့ ပြန်လည်ထွက်ခွာမှုများ ရှိလာခဲ့ရာ ယခုရက်အတွင်း အပြီးပြန်ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟိန္ဒူဘာသာဝင် ငါးရာကျော်သည် အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ရွာလုံးကျွတ် သတ်ဖြတ်ခံခဲ့ရသော ခမောင်းဆိပ်၊ ရဲဘော်ကျကျေးရွာများ အပါအဝင် တမန်းသား အစရှိသော ကျေးရွာ ၁၅ ရွာတို့မှ ကျေးရွာသားများသည် စစ်တွေမြို့ရှိ ဓညဝတီဘောလုံးကွင်း အဆောက်အအုံအောက်တွင် ခိုလှုံနေရပြီး ယင်းတို့အား မောင်တောမြို့ ခရိုင်အုပ်ချုပ်ရေးရုံး အနောက်တွင် ဆောက်လုပ်နေသည့် တန်းလျားများဆီသို့ သွားရောက် နေထိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

ဟိန္ဒူဘာသာဝင် တစ်ဦးဖြစ်သူ ဦးကျော်ကျော်နိုင်က “အခုဘောလုံးကွင်းကို ရောက်နေတဲ့ ဟိန္ဒူငါးရာကျော်အတွက် မောင်တောမြို့ပေါ်မှာ တန်းလျား ဆောက်လုပ်ပေးထားတယ်။ အဲဒီမှာ သွားရောက်နေထိုင်ကြမယ်၊ ယာယီပေါ့။ အစိုးရက ဆောက်လုပ်နေတာပါ။ မြို့ပေါ်မှာ အိမ်ရှိတဲ့ လူတွေကတော့ အိမ်တွေမှာ သွားနေပြီးတော့ အိမ်မရှိတဲ့ လူတွေကတော့ အဲဒီတန်းလျားမှာ ယာယီနေထိုင်ကြမှာဖြစ်တယ်။ ကျွန်တော်တို့ကို ရွာတည်ပေးတဲ့ အခါမှာလည်း ဟိန္ဒူတွေ အများကြီး စုပေါင်းတည်ဆောက် ပေးစေချင်ပါတယ်၊ ဒါမှလည်း ကျွန်တော်တို့ နေထိုင်ရဲမှာဖြစ်တယ်။ ရွာတည်မယ့် ကိစ္စကတော့ အခုထိ အသေချာ မသိရသေးဘူး။ ဒီနေ့မနက် လူဦးရေ ၃၅၀ ကျော် မောင်တောကို ရေကြောင်းနဲ့ ထွက်ခွာသွားခဲ့ကြပြီဖြစ်တယ်။ ကျန်တဲ့ ၁၅၀ လောက်ကလည်း အင်္ဂါနေ့မှာ ပြန်ကြမယ်။ ရွာပေါင်း ၁၅ ရွာက မိသားစုတွေ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ကျေးရွာ တည်ဆောက်ပေးမည် ဆိုပါကလည်း ဟိန္ဒူဘာသာဝင်များအထွတ် အမြတ်ထားကြသော ကျောက်ပန္တူနယ်မြေအတွင်း တည်ဆောက်ပေးမည် ဆိုပါက ပိုမိုသင့်တော်မည် ဖြစ်ကြောင်း၊ ဟိန္ဒူဘာသာဝင်များ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူနည်းစု တစ်ခုအဖြစ် တည်ရှိနေခြင်းဖြစ်ကာ ခမောင်းဆိပ်နှင့် ရဲဘော်ကျ ကျေးရွာများမှ သတ်ဖြတ်ခံရသော ဖြစ်ရပ်များမှာလည်း လူမျိုးသုဉ်း သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်းလည်း ဟိန္ဒူဘာသာဝင်များက သုံးသပ်ပြောဆိုကြသည်။

စစ်တွေရောက် နေရပ်စွန့်ခွာ ဟိန္ဒူဘာသာဝင်များ အနေဖြင့် မိမိတို့ကျေးရွာသို့ မပြန်လိုခြင်းနှင့် ကျေးရွာရှိ နေအိမ်များ မရှိတော့ခြင်းများကိုလည်း ရင်ဆိုင်နေကြရပြီး စုပေါင်းတည်ဆောက်ပေးမည့် ရွာကိုသာ အလိုရှိနေ ကြကြောင်းလည်း သိရသည်။ လက်ရှိတွင် စစ်တွေမြို့ ဓညဝတီ အားကစားကွင်း အဆောက်အအုံအောက်တွင် ဟိန္ဒူ ၁၅၀ ခန့်သာ ကျန်တော့ကြောင်း သိရသည်။

 

Most Read

Most Recent