မြန်မာနိုင်ငံ၌ မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးသူများတွင် နှလုံးသွေးကြောကျဉ်း ရောဂါမှာ အများဆုံး ဖြစ်နေပြီး ရာခိုင်နှုန်း ၄၀ ကျော်ရှိနေ

မြန်မာနိုင်ငံ၌ မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးသူများတွင် နှလုံးသွေးကြောကျဉ်း ရောဂါမှာ အများဆုံး ဖြစ်နေပြီး ရာခိုင်နှုန်း ၄၀ ကျော်ရှိနေ
Published 3 December 2017

နှလုံးသွေးကြောရောဂါ ကုသဌာနရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ်

မြန်မာနိုင်ငံရှိ အမျိုးသားနှင့် အမျိုးသမီးများ၌ မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးမှုစာရင်းအရ နှလုံးသွေးကြောကျဉ်း ရောဂါမှာ အများဆုံးဖြစ်နေပြီး ရာခိုင်နှုန်း ၄၀ ကျော် ရှိနေကြောင်း WHO Global Health Estimates တွင် ဖော်ပြထားချက်အရ သိရသည်။

မကူးစက်နိုင်သော ရောဂါများအနက် အမျိုးသားများတွင် သေဆုံးမှုနှုန်း အများဆုံး ရောဂါများမှာ နှလုံးသွေးကြောကျဉ်း ရောဂါ ၃၉ ရာခိုင်နှုန်း၊ ကင်ဆာရောဂါ ၂၁ ရာ ခိုင်နှုန်း၊ အခြားနာတာရှည်ရောဂါများ၂၄ ရာခိုင်နှုန်း၊ နာတာရှည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ၁၂ ရာခိုင်နှုန်း၊ ဆီးချိုသွေးချို လေးရာခိုင်နှုန်းခန့်ရှိပြီး အမျိုးသမီးများတွင် နှလုံးသွေးကြောကျဉ်း ရောဂါမှာ ၄၅ ရာခိုင်နှုန်း၊ ကင်ဆာ၊ နာတာရှည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ၁၇ ရာခိုင်နှုန်းစီ၊ အခြားနာတာရှည် ရောဂါများ ၁၄ ရာခိုင်နှုန်း၊ ဆီးချိုသွေးချို ခုနစ်ရာခိုင်နှုန်းခန့်ရှိကြောင်း WHO Global Health Estimates တွင် ဖော်ပြထားချက်အရ သိရသည်။

“ကျွန်တော်တို့က ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့အတွက် အများစုက ကူးစက်တဲ့ရောဂါတွေနဲ့ သေဆုံးနေမယ်လို့ ထင်တယ်။ ဒါပေမဲ့ တကယ့်တကယ် ကြည့်လိုက်တော့ ကူးစက်တဲ့ရောဂါတွေကြောင့် သေဆုံးမှုနှုန်းက ရာခိုင်နှုန်း ၃၀ ပဲရှိတယ်။ ကျန်တဲ့ ၅၉ ရာခိုင်နှုန်းလောက်က ကူးစက်မဟုတ်သော ရောဂါတွေကြောင့် ဖြစ်နေတယ်။ ကျန်တဲ့ ၁၁ ရာခိုင်နှုန်းက ယာဉ်အန္တရာယ်ကြောင့်ဖြစ်တဲ့ သေဆုံးနှုန်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုသည် ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက် အသက် ၃၀ အောက်၊ အသက် ၃၀ ကနေ အသက် ၇၀ မတိုင်ခင် စော၍သေဆုံးခြင်းက ၂၄ ရာခိုင်နှုန်းရှိနေတယ်။ လူလေးဦးမှာ တစ်ယောက်နှုန်းဟာ စောပြီးသေဖို့ များနေတယ်။ အများစုဟာ ကင်ဆာရောဂါတွေနဲ့ သေနေတယ်။ ဒုတိယက နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုတွေနဲ့ သေနေတယ်။ ဒီနေ့အချိန်မှာ ဘေးနားက ဆွေမျိုးသားချင်းတစ်ဦး သေသွားပြီကြားရင် အသက် ၅၀ ကျော်လေး။ ဘာနဲ့သေလဲမေးရင် ကင်ဆာ၊ ဘာနဲ့သေလဲ နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ်ဆိုတာတွေချည်း ကြားနေရလိမ့်မယ်။ ဒီလိုတွေ မဖြစ်အောင် ကျွန်တော်တို့ ကာကွယ်ဖို့ မလိုဘူးလား။ ဒါက အစားအသောက်နဲ့ အများကြီးဆိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီရောဂါတွေ ကာကွယ်ရေးနဲ့ ပတ်သက်လို့ အင်မတန်ကို နည်းပါးပါတယ်” ဟု မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်က ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်း (၂ ဒသမ ၅ သန်း) သည် ဆီးချိုသွေးချိုဖြစ်ပွားမှု ရှိနေပြီး ဆီးချိုသွေးချို ဖြစ်ပွားနိုင်ခြေရှိသူ အကြိုလူနာဦးရေမှာ ၁၉ ဒသမ ၇ ရာခိုင်နှုန်း (ငါးသန်း) ရှိကြောင်း၊ သွေးတိုးရောဂါရှိသူ ၂၆ ဒသမ ၄ ရာခိုင်နှုန်း (၆ ဒသမ ၃ သန်း)၊ သွေးထဲတွင် အဆီဓာတ်များနေသူ ၃၆ ဒသမ ၇ ရာခိုင်နှုန်း (၈ ဒသမ ၈ သန်း)၊ ဝသူ ၅ ဒသမ ၅ ရာ ခိုင်နှုန်း (၁ ဒသမ ၃ သန်း)၊ အ၀ လွန်သူ ၂၂ ဒသမ ၄ ရာခိုင်နှုန်း (၅ ဒသ မ ၃ သန်း)၊ ဆေးလိပ်သောက်သူ ၂၆ ဒသမ ၁ ရာခိုင်နှုန်း (၆ ဒသမ ၂ သန်း)၊ ကွမ်းစားသူ ၄၃ ဒသမ ၂ ရာခိုင်နှုန်း (၁၀ ဒသမ ၃ သန်း)၊ အရက်သောက်သူ  ၁၉ ဒသမ ၈ ရာ ခိုင်နှုန်း (၄ ဒသမ ၇ သန်း) နှင့် အရက် အလွန်အကျွံသောက်သူ ၁၀ ဒသမ ၃ ရာခိုင်နှုန်း (၂ ဒသမ ၄ သန်း) ရှိ ကြောင်း သိရသည်။

နိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှု၊ လူတို့၏ နေထိုင်စားသောက်မှု၊ လူနေမှုပုံစံ ပြောင်းလဲမှုတို့ကြောင့် သွေးတိုး၊ ဆီးချို သွေးချို၊ အဝလွန်၊ နှလုံး သွေးကြောပိတ်၊ လေဖြတ်၊ ကင်ဆာရောဂါနှင့် နာတာရှည် အဆုတ်ရောင်ရောဂါ စသည့်ကူးစက်ခြင်းကြောင့် မဟုတ်သော ရောဂါများဖြစ်ပွားမှုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ တစ်နေ့တခြား တိုးပွားလျက်ရှိကြောင်း၊ ယင်းရောဂါများ၏ ဖြစ်ပွားမှုနှုန်းသာမက ယင်းရောဂါများ၏ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားမှု၊ ယင်းရောဂါများကြောင့် သေဆုံးမှုများသည်လည်း လျင်မြန်စွာ တိုးပွားလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent