သတ်မှတ်စည်းကမ်းအတိုင်း မောင်းနှင်ခြင်း မရှိသည့် YBS ယာဉ်များကို အရေးယူနေသလို ထပ်မံကျူးလွန်မှုများ ရှိနေသဖြင့် ပြစ်ဒဏ်တိုးမြှင့်ရန် ဆောင်ရွက်နေဟုဆို

သတ်မှတ်စည်းကမ်းအတိုင်း မောင်းနှင်ခြင်း မရှိသည့် YBS ယာဉ်များကို အရေးယူနေသလို ထပ်မံကျူးလွန်မှုများ ရှိနေသဖြင့် ပြစ်ဒဏ်တိုးမြှင့်ရန် ဆောင်ရွက်နေဟုဆို
Published 3 December 2017

YBS ယာဉ်များနှင့် အခြားယာဉ်များအား မြို့နယ်တစ်ခုအတွင်း သွားလာနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

သတ်မှတ်စည်းကမ်းအတိုင်း မောင်းနှင်ခြင်းမရှိသည့် YBS ယာဉ်များကို အရေးယူမှုများ ပြုလုပ်နေသော်လည်း ထပ်မံကျူးလွန်မှုများ ရှိနေသဖြင့် ပြစ်ဒဏ်များ တိုးမြှင့်သွားရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

“ယခုအခါမှာ အရေးယူတဲ့ ကြားထဲကနေ ထပ်မံကျူးလွန်မှုတွေ ရှိနေတဲ့အတွက် ပြစ်ဒဏ်တွေကို တိုးမြှင့်ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ အရေးယူမှုများကိုလည်း တိုးတက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ ကားများဆိုရင် ကုမ္ပဏီကားများကို အရေးယူပြီးတော့ ကုမ္ပဏီတွေရဲ့ ဒဏ်ကြေး တိုးမြှင့်ပြီးတော့ တစ်ဦးချင်းပိုင် ကားတွေကနေပြီးတော့ ပြစ်ဒဏ်ကျူးလွန်လို့ရှိရင် လိုင်းပြေးဆွဲခြင်းမှ ပိတ်သိမ်းဖို့တွေကို ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

YBS စတင်ပြေးဆွဲသည့်အချိန်မှ ၂၀၁၇ ခုနှစ် သြဂုတ်လအထိ မှတ်တိုင်မရပ်မှုကြောင့် တိုင်ကြားမှုနှင့် သတ်မှတ် မှတ်တိုင်မဟုတ်ဘဲ လူတင်လူချလုပ်မှုများကို တိုင်ကြားမှုပေါင်း ၁၁၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် ပြောကြားသည်။

“YBS စနစ်ဖြင့် စတင်ပြေးဆွဲစဉ်ကပင် ခရီးသည်တင်ယာဉ်များ၏ စည်းကမ်းလိုက်နာမှုအတွက် ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်ရန်၊ Control Cenger ဖွင့်ပြီး ပြည်သူများ၏ တိုင်ကြားမှုလက်ခံခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ မှ သြဂုတ်လအထိ မှတ်တိုင်မရပ်မှုကြောင့် တိုင်ကြားမှုပေါင်း ၄၆၆ မှုရှိပြီး သက်ဆိုင်ရာ ကုမ္ပဏီနှင့် ယာဉ်လိုင်းများသို့ အကြောင်းကြားပြီး အရေးယူခဲ့ပါတယ်။ ဆက်လက်ပြီး ၂၀၁၇ ခုနှစ် မတ်လမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် YRTA ဝန်ထမ်းများ ပူးပေါင်းပြီး မော်တော်ယာဉ် ၁၀ စီးဖြင့် လှည့်လည်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လအထိ မှတ်တိုင်မှာ စနစ်တကျ မရပ်မှု ၄၆၆ မှု၊ သတ်မှတ်နေရာ မဟုတ်ဘဲ လူတင်လူချမှု ၆၇၃ မှု စစ်ဆေး တွေ့ရှိရသဖြင့် အရေးယူခြင်း၊ သက်ဆိုင်ရာ ယာဉ်လိုင်းကုမ္ပဏီများကို အရေးယူစေခြင်းများ ဆောင်ရွက်ခဲ့ပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

ထို့ပြင် စည်းကမ်းထိန်းသိမ်းမှု ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် YRTA မှ ထပ်မံစစ်ဆေးရေး အဖွဲ့သုံးဖွဲ့ကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှစ၍ မော်တော်ယာဉ်သုံးစီးဖြင့် လမ်းကြောင်းများ သတ်မှတ်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။

“၂၀၁၇ ခုနှစ် သြဂုတ်လအထိ မှတ်တိုင်မရပ်ခြင်း၊ သတ်မှတ်နေရာ မဟုတ်ဘဲ လူတင်ချခြင်း ကျူးလွန်သဖြင့် ထပ်မံပြီး ၁၁၇ မှုကို စစ်ဆေးအရေးယူခဲ့ပါတယ်။ ခရီးသည်တင်ယာဉ်များ စနစ်တကျရှိရေးအတွက် အဖွဲ့ဝင်များဖြင့် လှည့်လည်စစ်ဆေးခြင်း၊ လိုင်းကားများ စနစ်တကျ ပြေးဆွဲရေးအတွက် Traffic Control Center ကနေပြီးတော့ ယာဉ်တွေမှာ GPS တပ်ဆင်ထားပြီး Traffic Control Center ကနေ Control လုပ်ပြီး တော့ စစ်ဆေးကြပ်မတ်လျက် ရှိပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

 

Most Read

Most Recent