ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် ညွှန်ကြားထားသော ASDANNE တံဆိပ် အလှကုန်ပစ္စည်း မှတ်တမ်းတင် လက်မှတ် မူရင်းကို FDA သို့ အမြန်ဆုံးအပ်နှံရန် အကြောင်းကြား

ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် ညွှန်ကြားထားသော ASDANNE တံဆိပ် အလှကုန်ပစ္စည်း မှတ်တမ်းတင် လက်မှတ် မူရင်းကို FDA သို့ အမြန်ဆုံးအပ်နှံရန် အကြောင်းကြား
Published 3 December 2017

ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု ရပ်ဆိုင်းသလို ဖြန့်ဖြူးပြီး ပစ္စည်းများ ပြန်လည်ရုပ်သိမ်းနေသော ASDANNE တံဆိပ် အလှကုန်ပစ္စည်း အချို့ကို တွေ့ရစဉ်

တားမြစ်ဓာတုပစ္စည်း မာကျူရီ များစွာပါဝင်မှုကြောင့် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် ညွှန်ကြားထားသော ASDANNE အမှတ်တံဆိပ် အလှကုန်ပစ္စည်း မှတ်တမ်းတင် လက်မှတ်မူရင်းကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနသို့ အမြန်ဆုံးပြန်လည် အပ်နှံရန် အကြောင်းကြားထားကြောင်း သိရသည်။

ASDANNE အမှတ်တံဆိပ် အလှကုန်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူး ရောင်းချနေသည့် Hmu Wady Company Limited အား ASDANNE အမှတ်တံဆိပ် အလှကုန်ပစ္စည်းများကို ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချမှု လုံးဝရပ်ဆိုင်း၍ ဖြန့်ဖြူးပြီးသော ပစ္စည်းများကို ဈေးကွက်အတွင်းမှ အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပြီး ဆောင်ရွက်ပြီးစီးမှုများကို ဖြန့်ဖြူးရောင်းချသည့် စာရင်း၊ ပြန်လည် သိမ်းဆည်းသည့်စာရင်းများ စနစ်တကျ ပြုစုကာ FDA သို့ ပြန်လည်တင်ပြရန်နှင့် ASDANNE အလှကုန်ပစ္စည်း မှတ်တမ်းတင် လက်မှတ်မူရင်းများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ အမြန်ဆုံးပြန်လည် အပ်နှံရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။

တားမြစ်ဓာတုပစ္စည်း မာကျူရီများစွာ ပါဝင်မှုကြောင့် ASDANNE အမှတ်တံဆိပ် အလှကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချမှု ရပ်ဆိုင်းပြီး ဈေးကွက်ရှိ ပစ္စည်းများကို ပြန်လည်ရုပ်သိမ်းရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနက နိုဝင်ဘာနောက်ဆုံးပတ်က ညွှန်ကြားခဲ့သည်။

ကိုရီးယားနိုင်ငံ Korea Haiya Biotechnology Co;Ltd မှ ထုတ်လုပ်၍ မလေးရှားနိုင်ငံ YS Medicals Sdn.Bhd မှတင်ပို့သော ASDANNE အမှတ်တံဆိပ် အလှကုန်ပစ္စည်း သုံးမျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၌ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ရာ သတ်မှတ်အထောက်အထား စာရွက်စာတမ်းများနှင့် ပြည့်စုံသော အလှကုန်ပစ္စည်း နှစ်မျိုးအတွက် မှတ်တမ်းတင်ခြင်း လက်မှတ်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပေးခဲ့ကြောင်း၊ FDA အနေဖြင့် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို ဈေးကွက်နမူနာများ ကောက်ယူစစ်ဆေးခဲ့ရာ ASDANNE Whitening Freckle Day Cream နှင့် Night Cream တွင် တားမြစ်ဓာတု ပစ္စည်း မာကျူရီပါဝင်မှု ၄၅၇၂ ဒသမ ၆၁ ppm နှင့် ၃၅၇၃ ဒသမ ၀၉ ppm တို့ပါရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ မှတ်တမ်းတင်လက်မှတ် လျှောက်ထားစဉ်က တင်ပြခဲ့သော အလှကုန်ပစ္စည်း နမူနာသုံးမျိုးနှင့် Hmu Wady Company Limited မှအလှကုန်ဌာနစိတ်သို့ အသစ်ထပ်မံ ပေးပို့လာသော ASDANNE အလှကုန်ပစ္စည်းငါးမျိုးကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာ ASDANNE Whitening Freckle Day Cream၊ Night Cream၊ ASDANNE Whitening Refreshing Isolation Cream တို့တွင် တားမြစ်ဓာတုပစ္စည်း မာကျူရီများစွာ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိပ်သင့် ဓာတုပစ္စည်း မာကျူရီ (ပြဒါး) သည် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူကွက် အနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျဉ်ခြင်း၊ ကြွက်သား တုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ် ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

 

Most Read

Most Recent