ရန်ကုန်တက္ကသိုလ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပထမနှစ်ထူးချွန် (ပထမ ပညာသင်ကာလ) သင်တန်းများတွင် တက်ရောက်နေသူများ ဘာသာရပ်ပြောင်းရွှေ့သင်ကြားလိုပါက ဒီဇင်ဘာ ၂၉ ရက် နောက်ဆုံးထား လျှောက်ထားခွင့်ပြု

ရန်ကုန်တက္ကသိုလ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပထမနှစ်ထူးချွန် (ပထမ ပညာသင်ကာလ) သင်တန်းများတွင် တက်ရောက်နေသူများ ဘာသာရပ်ပြောင်းရွှေ့သင်ကြားလိုပါက ဒီဇင်ဘာ ၂၉ ရက် နောက်ဆုံးထား လျှောက်ထားခွင့်ပြု
Published 3 December 2017

ရန်ကုန်တက္ကသိုလ်၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပထမနှစ်ထူးချွန် (ပထမပညာသင်ကာလ) သင်တန်းများတွင် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ ဘာသာရပ်ပြောင်းရွှေ့သင်ကြားလိုပါက ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် နောက်ဆုံးထားလျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ဘာသာရပ်ပြောင်းရွှေ့သင်ကြားလိုပါက သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ကျောင်းသားရေးရာနှင့် ကျောင်းဆောင်များဌာန သိပ္ပံဆောင်သို့ သတ်မှတ်ရက်အတွင်း နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ဘာသာရပ်ပြောင်းရွှေ့သင်ကြားလိုသူများအနေဖြင့် ဘာသာရပ်ပြောင်းရွှေ့လျှောက်ထားခွင့်အား ကျောင်းဝင်ပြီးသူ (ကျောင်းဝင်ခွင့်ငွေသွင်းပြီးသူ)၊ လျှောက်ထားလိုသော ဘာသာရပ် နောက်ဆုံးဝင်ခွင့်ရသူ၏ အမှတ်ပေါင်းကိုမီသူ၊ မူလဝင်ခွင့်ရဘာသာရပ်၏ ပါမောက္ခ (ဌာနမှူး) နှင့် ပြောင်းရွှေ့လိုသော ပါမောက္ခ (ဌာနမှူး) ၏ပြောင်းရွှေ့ခြင်းအတွက် လက်ခံနိုင်သူ၊ အ.ပ.ထ အောင်အမှတ်စာရင်း မိတ္တူပူးတွဲ တင်ပြနိုင်သူများအား လျှောက်ထားခွင့်ပြုထားပြီး ဘာသာရပ်ပြောင်းရွှေ့ခွင့်ရပါက လိုအပ်သောဓာတ်ခွဲခန်းကြေးများကို ငွေလက်ခံဌာနတွင် ထပ်မံပေးသွင်းရမည် ဖြစ်သည်။

အလားတူ ဘာသာရပ်ပြောင်းရွှေ့ခွင့်မရပါက မူလဘာသာရပ်တွင် တက်ရောက်ရမည်ဖြစ်ပြီး ဘာသာရပ်ပြောင်းရွှေ့ခွင့်ကြေညာချက် ထုတ်ပြန်ခြင်းမပြုမီ မူလဘာသာရပ်တွင် တက်ရောက်ရမည်ဖြစ်သည်။ဘာသာရပ်ပြောင်းရွှေ့ခွင့်ရပြီးပါက ကျောင်းသားရေးရာဌာနနှင့် အမြန်ဆုံးဆက်သွယ်၍ ဘာသာရပ်ပြောင်းရွှေ့ခြင်းကိစ္စများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

“ပထမနှစ်ထူးချွန်တွေ ပထမပညာသင်ကာလမှ တက်ရောက်ပြီး မိမိရွေးချယ်ခဲ့တဲ့ ဘာသာရပ်နဲ့ပတ်သက်ပြီး အကြောင်းအမျိုးမျိုးနဲ့ စိတ်ဝင်စားမှုအားလျော့ပြီး အခြားဘာသာရပ်ကိုပြောင်းရွှေ့ပြီး ပညာသင်ကြားချင် တဲ့သူတွေအတွက် ဘာသာရပ်ပြောင်းရွှေ့ တက်ရောက်နိုင်တဲ့ အခွင့်အရေးပေးတဲ့ သဘောပါ။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့တော့ ကိုက်ညီရပါမယ်”ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အလားတူ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ပထမနှစ် တက်ရောက်မည့်သူများ တက္ကသိုလ်ပြောင်းရွှေ့တက်ရောက် လိုပါက ကျောင်းဖွင့်လှစ်ပြီး ၂၁ ရက်အတွင်း အပြီးလျှောက်ထားရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အလိုက် သတ်မှတ်ချက်နှင့်အညီ ဝင်ခွင့်ပြုထားသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ ပထမအရစ် သတ်မှတ်ကြေးများ မပျက်မကွက် ပေးသွင်းမှတ်ပုံတင်ရမည်ဖြစ်ပြီး အကြောင်းကြောင်းကြောင့် အခြားတက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်တစ်ခုခုသို့ ပြောင်းရွှေ့ သင်ကြားလိုပါက သတ်မှတ်ထားသည့်ကာလအတွင်း ပြောင်းရွှေ့ခွင့်လျှောက်ထားရမည်ဖြစ် ကြောင်းသိရသည်။

သို့ရာတွင် မိဘများမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး တာဝန်အရပြောင်းရွှေ့ရသည့်အတွက် မိဘများပြောင်းရွှေ့ရသည့် မြို့နယ်နှင့် သက်ဆိုင်သော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်သို့ ပြောင်းရွှေ့ပညာသင်ကြားခွင့် လျှောက်ထားပါက မိမိပထမဝင်ခွင့်ရရှိသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၌ ပထမအရစ်သတ်မှတ်ကြေးများ ပေးသွင်းမှတ်ပုံတင်ခြင်း မပြုဘဲ မိဘများအလုပ်တာဝန်ပြောင်း ရွှေ့ရသည့် တရားဝင်ရုံးအမိန့်စာဖြင့် တိုက်ရိုက်လျှောက်ထားနိုင်သည်။

Most Read

Most Recent