ဒေါက်တာအေးမောင် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်စာတင်သည့်နောက်ပိုင်း ရခိုင့်နိုင်ငံရေးတွင် ဝေဖန်မှုများမြင့်တက်လာ

ဒေါက်တာအေးမောင် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်စာတင်သည့်နောက်ပိုင်း ရခိုင့်နိုင်ငံရေးတွင် ဝေဖန်မှုများမြင့်တက်လာ
Published 3 December 2017

ဒေါက်တာအေးမောင် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်စာတင်သည့်နောက်ပိုင်း ရခိုင့်နိုင်ငံရေးတွင် ဝေဖန်မှုများမြင့်တက်လာခဲ့ကြောင်းနှင့် တိုက်ခိုက်ပြောဆိုမှုများလည်း လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိလာရသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရခိုင်ပြည်နယ်တွင် ပါတီသစ်များ ထပ်မံ ပေါ်ပေါက်လာနိုင်ခြေရှိကြောင်း ဝေဖန်မှုများရှိနေသကဲ့သို့ ပါတီတွင်း စည်းလုံးညီညွတ်မှုအပိုင်းတို့ကိုလည်း ဝေဖန်ပြောဆိုမှုများရှိလာခဲ့သည် ကို တွေ့ရသည်။

ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက “အခုလက်ရှိ ရခိုင့်နိုင်ငံရေး ဖြစ်စဉ်ပေါ့လေ။ အဲဒီမှာ ဒေါက်တာအေးမောင် နုတ်ထွက်တဲ့အခြေအနေရယ်၊ ရခိုင်ပြည်ရဲ့ နိုင်ငံရေးအခြေအနေကို ကျွန်တော့် အမြင် ပြောရမယ်ဆိုရင်တော့ ရခိုင်ပြည်နယ် နိုင်ငံရေးပါတီတွေမှာ institution သိပ်အား မကောင်းတာကိုတွေ့ရတယ်။ မူတွေ ခိုင်မာမှု မရှိဘူး။  ပါတီဝင်တွေလိုက်နာရမယ့် ဟာတွေ၊ ခေါင်းဆောင်ဖြစ်ထိုက်တဲ့ ပါတီရဲ့စီစီ၊ စီအီးစီတွေ၊ ခိုင်မာတဲ့ပေါ်လစီ ချမှတ်ထားတာ မတွေ့ရဘူး။ နောက်တစ်ခုက ပါတီတိုင်းလိုလိုမှာ အုပ်စုအသွင်သဏ္ဌာန်ဆောင်တဲ့ ခေါင်းဆောင်ကိုဗဟိုပြုပြီး သွားနေကြတဲ့အသွင် သဏ္ဌာန်မျိုးတွေ တွေ့နေရတယ်။ ဒါဟာ ရခိုင့်နိုင်ငံရေးအတွက် အားပျော့စေတဲ့ အချက်တွေဖြစ်တယ်လို့မြင်တယ်။ ကျွန်တော့်အမြင်တော့ တခြားနိုင်ငံရေးပါတီလည်း ပေါ်ချင်ပေါ်လာနိုင်တယ်။ ရခိုင်မှာရှိတဲ့ပါတီ အားလုံးကို လေ့လာကြည့်တဲ့အခါမှာ အားရလောက်အောင် အခြေအနေ မတွေ့ရဘူး။ အဲဒါကတော့ ခေါင်းဆောင်ပိုင်းမှာ အားနည်းချက်တွေ ရှိတယ်။ ပါတီတွင်းမှာ ညီညွတ်မှု မတည်ဆောက်နိုင်တဲ့အပိုင်းတွေနဲ့ ခိုင်မာတဲ့မူတွေ မရှိတာကိုတွေ့ရတယ်။ တခြားပါတီသစ်ပေါ်လာရင်လည်း ဒီအတိုင်းပဲဖြစ်နေမယ်လို့ ထင်ပါတယ်”ဟု ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ပါတီတာဝန်နှင့် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ နိုဝင်ဘာ ၂၇ ရက်တွင် စာဖြင့်တင်ပြတောင်းခံထား သည်။

အဆိုပါတင်ပြစာတွင် ဒေါက်တာအေးမောင်က ၎င်းအနေဖြင့်  RNDP (ရခိုင်တိုင်း ရင်းသားများတိုးတက်ရေးပါတီ)၏ ဥက္ကဋ္ဌ တာဝန်အားလည်းကောင်း၊ ANP (ရခိုင် အမျိုးသားပါတီ)၏ ဥက္ကဋ္ဌတာဝန်အားလည်းကောင်း အတတ်နိုင်ဆုံးကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှဆောင်ရွက်ခဲ့ကြောင်း၊သို့ရာတွင် ANP အတွင်း၌ ခေါင်းဆောင်များအချင်းချင်းကြား ညီညွတ်မှုမရှိသည့်အပြင် အစည်းအဝေးအတွင်းနှင့် အစည်းအဝေးပြင်ပတွင်ပါ ခေါင်းဆောင်များ၏တပည့်များက နည်းမျိုးစုံဖြင့်တိုက်ခိုက်ခြင်း၊ လူမှုမီဒီယာများ၌ အုပ်စုဖွဲ့ စော်ကားခြင်း၊ အထူးသဖြင့် မိမိတစ်ဦးတည်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းများကို တွေ့ရှိနေရကြောင်း ရေးသားထားသည်။

ထို့ပြင် ပါတီဆိုသည်မှာ အတွေးအခေါ် အယူအဆခံယူချက်တူသူများ အချင်းချင်း အမျိုးသားရေးရည်မှန်းချက်များအတွက် အတူလက်တွဲကြသည့်ရဲဘော်များဖြစ်ရာ ကာလတစ်ခု၊ ခုနစ်နှစ်ခန့် ဖြတ်သန်းခဲ့ပြီးဖြစ်သော်လည်း အချင်းချင်းမိတ်ဖက်မဖြစ်ဘဲ ရန်ဘက်အသွင်သာ ရန်စောင်နေကြဆဲဖြစ် သည်ကို ဝမ်းနည်းဖွယ်တွေ့ရကြောင်းနှင့် ရခိုင်တို့ကျွန်ဖြစ်ခဲ့ရခြင်း၏ အကြောင်းရင်းနှင့် ဖြစ်နေရဆဲ၏ဇစ်မြစ်သည် မညီညွတ်မှု သန္ဓေ ဆိုးပင်ဖြစ်သည်ဟုခံယူကြောင်း ဒေါက်တာအေးမောင်က နုတ်ထွက်စာတွင် ဖော်ပြထားသည်။

ထိုသို့ပါတီမှနုတ်ထွက်ပြီးနောက်တွင် မပြီးဆုံးသေးသော ရခိုင်အမျိုးသားရေး တာဝန်များကိုမူ အမျိုးသားရေးဝါဒီတစ်ဦးပီပီ မိမိ၏ မိတ်ဆွေများနှင့်အတူ လက်တွဲလျက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အသက်ထက်ဆုံး ကြိုးစားဆောင်ရွက်မည်ဟု သန္နိဋ္ဌာန်ချမှတ်ထားသည်ကို အသိပေးကြောင်းနှင့် ကတိပြု ကြောင်း ဒေါက်တာအေးမောင်၏ နုတ်ထွက်စာ၌ ဖော်ပြပါရှိသည်။

အဆိုပါ နုတ်ထွက်စာနှင့်ပတ်သက်၍ ဒေါက်တာအေးမောင်ထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် မေးမြန်းနိုင်ခြင်း မရှိပေ။

ဒေါက်တာအေးမောင်သည် ယခင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) တွင်  ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်  ရခိုင်ပြည်နယ်မဲ ဆန္ဒနယ် (၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

ထို့နောက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) တို့ ဖျက်သိမ်း၍ ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ပေါင်းစည်းရာတွင်လည်း ပါတီဥက္ကဋ္ဌအဖြစ်ပြန်လည် ရွေးချယ်ခံရသည်။

သို့ရာတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင်သည်ရခိုင်ပြည်နယ်၊ မာန်အောင်မဲဆန္ဒနယ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအား ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့ပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်နေရာဖြစ်သည့် အမ်းမဲဆန္ဒနယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နေရာ ထပ်မံယှဉ်ပြိုင်ရာတွင် အနိုင်ရရှိခဲ့ပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

Most Read

Most Recent