၂၀၁၇ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာ နှစ်လအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဒသမ ၅၈၀ သန်းအပါအဝင် ကျပ် ၇၇၂၇၈ ဒသမ ၀၃၇ သန်း မြှုပ်နှံထားပြီး ဆောက်လုပ်ရေးကဏ္ဍတွင် အများဆုံးဖြစ်

၂၀၁၇ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာ နှစ်လအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဒသမ ၅၈၀ သန်းအပါအဝင် ကျပ် ၇၇၂၇၈ ဒသမ ၀၃၇ သန်း မြှုပ်နှံထားပြီး ဆောက်လုပ်ရေးကဏ္ဍတွင် အများဆုံးဖြစ်
Published 3 December 2017

ရန်ကုန်မြို့အတွင်း ဆောက်လုပ်လျက်ရှိသည့် အထပ်မြင့် အဆောက်အအုံတစ်ခုကို တွေ့ရစဉ်

၂၀၁၇ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာ နှစ်လအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆ ဒသမ ၅၈၀ သန်း အပါအဝင် ကျပ် ၇၇၂၇၈ ဒသမ ၀၃၇ သန်း မြှုပ်နှံပြီး ဆောက်လုပ်ရေးကဏ္ဍတွင် အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၆ ဒသမ ၅၈၀ သန်း အပါအဝင် ကျပ် ၇၆၈၈၅ ဒသမ ၃၃၇ သန်းနှင့်  အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး ကျပ် ၃၉၂ ဒသမ ၇၀၀ သန်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါနှစ်လအတွင်း ဆောက်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ကျပ် ၆၅၇၈၄ ဒသမ ၃၅၇ သန်းဖြင့် အများဆုံး ဝင်ရောက်မြှုပ်နှံထားကြောင်း၊ စက်မှုကဏ္ဍတွင် ကျပ် ၁၉၉၃ ဒသမ ၆၈ သန်း၊  လယ်ယာကဏ္ဍတွင် ကျပ်သန်း ၄၀၀၊ အခြား လုပ်ငန်းကဏ္ဍတွင် ကျပ်သန်း ၉၁၀၀ အထိ ဝင်ရောက်မြှုပ်နှံထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ စိစစ်ကာ ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး ဒေါ်လာ ၄၄၀ ဒသမ ၅၇၁ သန်းနှင့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁၀၅ ဒသမ ၁၀၀ သန်း ခွင့်ပြုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နိုဝင်ဘာလဆန်းအထိ သီလဝါအထူးစီးပွားရေးဇုန်တွင် မြှုပ်နှံခြင်းအပါအဝင် မြန်မာနိုင်ငံတွင်းသို့  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၅၃ ခုမှ ပမာဏ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၂/၂၀၁၇) အရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးခဲ့မှုမှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅၃ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃၇၀၇ ဒသမ ၉၉၆ သန်း ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၃၀၇ ဒသမ ၃၃၅ သန်း စီးဝင်ခြင်းဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁၄ ဒသမ ၀၈ သန်း ခွင့်ပြုခဲ့ခြင်း ဖြစ်သဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၅၂၁ ဒသမ ၄၁၅ သန်း စီးဝင်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent