w အမြန်လမ်းမကြီး ၂၁ မိုင်အနီးတွင် စူပါကာစတန်ယာဉ်တိမ်းမှောက်ရာမှ တရားမ၀င်ကျွန်းသစ်ခွဲသားများ ဖမ်းဆီးရမိ - Eleven Media Group <

အမြန်လမ်းမကြီး ၂၁ မိုင်အနီးတွင် စူပါကာစတန်ယာဉ်တိမ်းမှောက်ရာမှ တရားမ၀င်ကျွန်းသစ်ခွဲသားများ ဖမ်းဆီးရမိ

အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁ အနီး တိမ်းမှောက်ခဲ့သော စူပါကာစတန်ယာဉ်အား တွေ့ရစဉ်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁ မိုင်အနီး၌ ဒီဇင်ဘာ ၂ ရက် နံနက်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော စူပါကာစတန်ယာဉ်တစ်စီး ဘီးပေါက်တိမ်းမှောက်ရာမှ တရားမ၀င်ကျွန်းသစ်များ ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

“ကားက နောက်ဝဲဘက်ဘီးပေါက်ပြီး ကျွတ်ထွက်ပြီးတော့ မှောက်တာ။ လူကတော့ ယာဉ်မောင်းတစ်ယောက်ပဲပါတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်။ တရားခံပြေးပေါ့။ စုံစမ်းဆဲ။ ကားပေါ်မှာ တရားမ၀င်သစ်တွေပါတယ်။ နောက်ဆက်တွဲကျတော့ သစ်တောကရဲတွေနဲ့ သူတို့ဘာသာသူတို့တိုင်းပြီးတော့ ဌာနကိုပြန်အပ်တာပေါ့။ သစ်တောကိုလွှဲတာပါ။ ကျွန်တော်တို့ကျတော့ သွားကူညီလိုက်တာပဲရှိတယ်” ဟု အမှတ် (၃) လမ်းဆုံ အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီခန့်က လှည်းကူးမြို့နယ် အမှတ် (၃) လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း (အမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)၊ မောင်းနှင်လာသော ယာဉ်အမှတ် 3D/—- စူပါကာစတန် နံ့သာရောင်မော်တော်ယာဉ်မှာ လမ်းမကြီးမိုင်တိုင်အမှတ် ၂၁ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအနီးသို့အရောက်တွင် ယာဉ်၏၀ဲဘက်နောက်ဘီး ပြုတ်ထွက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းမပေါ်၌ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှုဖြစ်ရာသို့ အမှတ် (၃) လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းမှ စခန်းမှူး၊ အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ စူပါကာစတန်ယာဉ်မှာ ရှေ့နောက်လေကာမှန်ကွဲ၊ အမိုး၊ ကိုယ်ထည်ဝဲဘက်နှင့် နောက်ပိတ်တံခါးတို့ ပိန်ချိုင့်ပျက်စီးသွားပြီး ယာဉ်အတွင်းမှ တရားမ၀င်ကျွန်းသစ်ခွဲသားများ အပြည့်တင်ဆောင်လာသည်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်အားမဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သည့် ယာဉ်မောင်း (စုံစမ်းဆဲ) အား ဥပဒေအရေအရေးယူပေးပါရန် ရဲအုပ်ရဲရင့်အောင်က တရားလိုလုပ်အမှုဖွင့် တိုင်ကြားခဲ့သောကြောင့် အမှတ် (၃) လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းက ယာဉ် (ပ) ၃၉/ ၂၀၁၇၊ ပြစ်မှုပုဒ်မ ၂၇၉/၂၀၂ အရ အမှုဖွင့် အရေးယူထားကြောင်း၊ ယာဉ်အတွင်းမှ ဖမ်းဆီးရမိသည့် တရားမ၀င်ကျွန်းသစ်ခွဲသားများအား တိုင်းတာစစ်ဆေးနိုင်ရန် လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားထားပြီး သစ်တောဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

December 2, 2017














Copy Protected by Chetan's WP-Copyprotect.