တာမွေမြို့နယ်ရှိ တိုက်ခန်းတစ်ခန်းတွင် တစ်ဦးတည်း နေထိုင်သည့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံး

တာမွေမြို့နယ်ရှိ တိုက်ခန်းတစ်ခန်းတွင် တစ်ဦးတည်း နေထိုင်သည့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံး
Published 2 December 2017

တာမွေမြို့နယ်ရှိ တိုက်ခန်းတစ်ခန်းတွင် တစ်ဦးတည်း နေထိုင်သည့် အသက်(၂၀) ကျော် အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဒီဇင်ဘာ ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ ၁ ရက် ညနေ ၅ နာရီခန့်တွင် တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်၊ ရွှေဟင်္သာလမ်းရှိ တိုက်ခန်းတစ်ခန်းတွင် အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာရဲစခန်းမှ ရဲအရာရှိများ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မ...(၂၃ နှစ်)ဖြစ်ကြောင်း သိရသည်။

ဆက်လက် စစ်ဆေးရာ သေဆုံးသူမှာ အခင်းဖြစ်ပွားသည့် နေအိမ်အတွင်းရှိ အိပ်ခန်းပြတင်းပေါက်သံတိုင်တွင် ဆွဲကြိုးချကာ သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

မ....(၂၃ နှစ်) ဆွဲကြိုးချသေဆုံးနေမှုအား ဗဟန်းမြို့နယ်နေ ၎င်း၏ ဦးလေးဖြစ်သူမှ စတင်သိရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“စသိတာက သေဆုံးတဲ့ ကောင်မလေးရဲ့ ဦးလေးပါ။ သူ့ဦးလေးက ဗဟန်းမှာနေတာ။ အခင်းဖြစ်တဲ့နေ့က အဲဒီကောင်မလေးရဲ့ တိုက်ခန်းကို လာတဲ့အချိန်မှာ သော့ကအပြင်ကပဲ ခတ်ထားတာကို တွေ့ရတော့ သူ့ဦးလေးက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ခေါ်ပြီး နေအိမ်ထဲဝင်တဲ့အချိန်မှာ အခုလိုကြိုးဆွဲချသေဆုံးနေတာကို တွေ့ရတာပါ”ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဆွဲကြိုးချသေဆုံးသည့် မ..(၂၃ နှစ်) မှာ လွန်ခဲ့သည့် သုံးလလောက်မှစ၍ တစ်ဦးတည်း နေထိုင်သူဖြစ်ပြီး အရက်အနည်းငယ် သောက်သုံးကာ စိတ်ကယောင်ချောက်ချား ဖြစ်တတ်သူ တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်အရ သိရသည်။

ထို့ပြင် သေဆုံးခဲ့သည့် အမျိုးသမီးအနီးရှိ အခန်းတွင်းနံရံ၌ “ငါအခုလိုလုပ်တာ ငါ့ကို နားလည်ပေးပါနော်။ မမုန်းလိုက်ပါနဲ့။ ငါက နင့်ကို အရမ်းချစ်တာပါ”၊ “နင်နဲ့တွေ့ပြီး အရမ်းပျော်ခဲ့ပါတယ်။ ဘယ်တော့မှမမေ့ဘူး” စသည့် စာသားများအား နှုတ်ခမ်းနီဖြင့် ရေးသားထားသည်ကို တွေ့ရှိခဲ့ရကြောင်း အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်အား တာမွေမြို့မရဲစခန်းမှ သေမှုသေခင်းဖွင့်၍ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။