Reputation Poll ကထုတ်ပြန်သည့် ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာပေါ်၌ ဂုဏ်သရေအရှိဆုံးနှင့် ချီးကျူးဂုဏ်ပြုထိုက်သူ ၁၀၀ စာရင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

Reputation Poll ကထုတ်ပြန်သည့် ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာပေါ်၌ ဂုဏ်သရေအရှိဆုံးနှင့် ချီးကျူးဂုဏ်ပြုထိုက်သူ ၁၀၀ စာရင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်
Published 2 December 2017

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာပေါ်တွင် ဂုဏ်သရေအရှိဆုံးနှင့် ချီးကျူးဂုဏ်ပြုထိုက်သူ ၁၀၀ စာရင်းကို ကမ္ဘာလုံးဆိုင်ရာ စွမ်းဆောင်ရည်နှင့် စီမံခန့်ခွဲမှုအတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သည့် Reputation Poll ကထုတ်ပြန်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ကြောင်း သိရသည်။

ယခုထုတ်ပြန်သည့် ၁၀၀ စာရင်းတွင် ပါဝင်သူများသည် ၎င်းတို့၏သက်ဆိုင်ရာအလုပ်များ၌ စေ့စပ်သေချာပြီး မြင့်မားသောဂုဏ်သတင်းကို အသီးသီးပိုင်ဆိုင်ထားကြသူများဖြစ်ကြောင်းနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ဖျော်ဖြေရေးစသည့် ကွဲပြားခြားနားသည့် ကဏ္ဍအသီးသီးမှ စွမ်းဆောင်နိုင်သူများအနက် စိစစ်ရွေးချယ်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ကိုယ်စားပြုသူများဖြစ်ကြောင်း Reputation Poll ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ယခုစာရင်းတွင် ရွေးချယ်ခံရသူများအနက် အသက် ၉၉ နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံမှ တောင်ပိုင်းဘက်တစ်စ်ဂိုဏ်းချုပ် ဆရာတော်ကြီး Billy Graham သည် အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်ပြီး အသက်အငယ်ဆုံး ရွေးချယ်ခံရသူများသည် ပါကစ္စတန်သူ နိုဗယ်လ်ဆုရှင် မာလာလာနှင့် ကနေဒါနိုင်ငံမှ စွန့်ဦးတီထွင်သူ Wang တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးသည် အသက် ၁၉ နှစ်အရွယ်သာရှိသေးကြောင်း သိသည်။

စာရင်းထုတ်ပြန်ချက်အရ ရွေးချယ်ခံရသူများထဲတွင် အမေရိကန်နိုင်ငံက အများဆုံးအဖြစ် ၃၉ ဦးရွေးချယ်ခံရပြီး အမျိုးသား ၇၂ ဦး၊ အမျိုးသမီး ၂၅ ဦးနှင့် စုံတွဲသုံးတွဲရွေးချယ်ခံရကြောင်း သိရသည်။

ယခုထုတ်ပြန်ချက်ကို အမည်အက္ခရာအစဉ်လိုက် ထုတ်ပြန်ခဲ့ခြင်းဖြစ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နံပါတ် (၉) နေရာတွင်ရပ်တည်ခဲ့ကာ ဘောလိဝုဒ်နာမည်ကျော်သရုပ်ဆောင် အမီရာခန်းနှင့် ဗြိတိန်အဆိုတော် အဒဲလ်တို့က နံပါတ် (၁) နှင့် (၂) နေရာများတွင် ရပ်တည်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုဗယ်လ်ဆုရှင်များဖြစ်သည့် တိဗက်ခေါင်းဆောင် ဒလိုင်းလားမား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆောင်ရွက်သူ ဒေါက်တာမိုဟာမက်ယူနွတ်စ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်တို့လည်း ယခုထုတ်ပြန်သည့်စာရင်းတွင် ပါဝင်သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၊ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၊ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒို၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၊ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်စသည့် နာမည်ကျော်ခေါင်းဆောင်များ ပါဝင်ခဲ့သလို အမေရိကန်သမ္မတဟောင်း အိုဘားမားတို့ ဇနီးမောင်နှံ၊ သန်းကြွယ်သူဌေးကြီး ဘီလ်ဂိတ်တို့ ဇနီးမောင်နှံနှင့် နာမည်ကျော်အဆိုတော်စုံတွဲဖြစ်သည့် ဂျေဇီးလ်နှင့် ဘီယွန်ဆေးတို့လည်း စုံတွဲရွေးချယ်ခံရမှုအဖြစ် ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာပေါ်တွင် ဂုဏ်သရေအရှိဆုံးနှင့် ချီးကျူးဂုဏ်ပြုထိုက်သူ ၁၀၀ စာရင်းတွင် ပါဝင်လာကြောင်း သိရသည်။

ထို့ပြင် ယခုစာရင်းတွင် နာမည်ကျော် သရုပ်ဆောင်များဖြစ်သည့် ဒမ့်ဇေးဝါရှင်တန်၊ တွမ်ခရု့စ်၊ ဝီလ်စမစ်၊ ဂျက်ကီချန်း၊ ဂျနီဖာလိုပက်ဇ်၊ အင်ဂျလီနာဂျိုလီ၊ လီယိုနာဒိုတို့ ပါဝင်ခဲ့သလို မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်၊ ပီလီ၊ ဒေးဗစ်ဘက်ခမ်း၊ စီရော်နယ်လ်ဒို၊ အူစိန်ဘော့စသည့် အားကစားလောကမှ နာမည်ကျော်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

Apple စီအီးအိုတင်မ်ကွတ်၊ Facebook တည်ထောင်သူ မက်ခ်ဇူကာဘတ်တို့လည်း Reputation Poll က ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာပေါ်တွင် ဂုဏ်သရေအရှိဆုံးနှင့် ချီးကျူးဂုဏ်ပြုထိုက်သူ ၁၀၀ စာရင်းတွင် ပါဝင်လာကြောင်း သိရသည်။

Reputation Poll အနေဖြင့် ယခုထုတ်ပြန်သည့်စာရင်းကို လန်ဒန်အခြေစိုက် Institute of Leadership and Management၊ အာဖရိကအခြေစိုက် Avance Media တို့နှင့်အတူ ပူးပေါင်းစစ်တမ်းကောက်ယူကာ စိစစ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent