ဖားကန့်ဒေသတွင် အုပ်စုဖွဲ့လုယက်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေခြင်းကြောင့် ညအချိန် ရွာပြင်မထွက်ရဲသည်အထိ ဖြစ်လာ

ဖားကန့်ဒေသတွင် အုပ်စုဖွဲ့လုယက်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေခြင်းကြောင့် ညအချိန် ရွာပြင်မထွက်ရဲသည်အထိ ဖြစ်လာ
Published 2 December 2017

ဖားကန့်ဒေသတွင် ဆိုင်ကယ်သမားများအား အဓိကပစ်မှတ်ထား၍ အုပ်စုဖွဲ့လုယက်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေခြင်းကြောင့် ညအချိန် ရွာပြင်မထွက်ရဲသည်အထိ ဖြစ်လာကြောင်း ဒေသခံများက ပြောကြားသည်။

ဖားကန့်မြို့နယ်အတွင်းရှိ လုံးခင်းကျေးရွာအုပ်စု၊ ဆိပ်မူကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာအုပ်စုတွင် ညအချိန်အုပ်စုဖွဲ့ လုယက်တိုက်ခိုက်မှုများ အဓိကဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာချင်းဆက်လမ်းများတွင် လုယက်တိုက်ခိုက်သူများမှာ မှောင်ရိပ်ခိုစောင့်ဆိုင်း၍ ဖြတ်သန်းသွားလာနေသည့် ဆိုင်ကယ်သမားများအား ကျောက်ခဲဖြင့်ထု၍လည်းကောင်း၊ တုတ်၊ ဓားများဖြင့် ရိုက်နှက်တိုက်ခိုက်၍လည်းကောင်း ပြုလုပ်၍ ဆိုင်ကယ်အပြင် ဖုန်း၊ ပိုက်ဆံနှင့် ကျောက်များအား လုယက်မှုများရှိနေကြောင်း သိရသည်။

“ဖားကန့်မြို့နယ်အတွင်းမှာ ရပ်ထဲရွာထဲမှာပါ လုယက်မှုတွေ အရမ်းကိုများလာတယ်။ ဟိုနေရာမှာ အလုခံရ၊ ဒီနေရာမှာ အလုခံရနဲ့ နေ့တိုင်းလိုလိုကြားနေရတယ်။ မကြာသေးဘူး။ ကျွန်တော့်ညီလိုနေတဲ့တစ်ယောက် ညကို အိမ်ပြန်လာတဲ့အခါမှာ ဖုန်ကာ (Mask) တွေတပ်ထားတဲ့ လူသုံးယောက်က ဓားရှည်တွေနဲ့ရွယ်ပြီး ပွဲတိုက်ဖို့ယူလာတဲ့ သိန်းငါးဆယ်လောက်တန်တဲ့ ကျောက်ရယ်၊ ဆိုင်ကယ်ရယ်၊ ဖုန်းရယ် လုယူသွားတယ်။ ရဲစခန်းတိုင်လည်း တိုင်ချက်ဖွင့်ရုံပဲရှိတယ်။ ဘာမှမလုပ်ပေးနိုင်ဘူး။ ပြည်သူတွေရဲ့ဘဝဟာ လုံခြုံမှုမရှိဘူး။ ညဘက်ဆို အပြင်မထွက်ရဲကြတော့ဘူး” ဟု ဆိပ်မူကျေးရွာနေ ဦးလမင်းဦးက ပြောကြားသည်။

ရှရော်ခကျေးရွာမှ ဒေသခံတစ်ဦးကလည်း “ညတိုင်းလိုလို ဒီလိုလုယက်တာတွေက ဖြစ်နေတော့ ကျန်းမာရေးကိစ္စပေါ်လာလို့ ညမှာ ဖားကန့်မြို့ပေါ်သွားပြီး ဆေးခန်းပြဖို့တောင် မလွယ်တဲ့အခြေအနေဖြစ်နေတယ်။ ညဆိုတစ်ယောက်တည်း၊ နှစ်ယောက်တည်း မသွားလာရဲကြတော့ဘူး။ အခု ဆိုင်ကယ်လုတဲ့သူတွေက ဘယ်လိုလုပ်သလဲဆိုတော့ ချုံထဲကနေ ဆိုင်ကယ်သမားကို ကျောက်ခဲနဲ့လှမ်းထုတယ်။ ကျောက်ခဲမှန်သွားလို့ ဆိုင်ကယ်သမား ဟန်ချက်ပျက်သွားပြီဆိုရင် ချုံထဲကနေ အဖွဲ့လိုက်ထွက်လာပြီး လူကိုဝိုင်းရိုက်တယ်။ ထွက်ပြေးလို့မရအောင် ကျောက်ခဲတွေနဲ့ ရွယ်ထားတယ်။ တုတ်တွေ ဓားတွေပါတယ်။ ပစ္စည်းကို အသာတကြည်ပေးတာ တောင်လူကိုရိုက်တယ်။ ဓားနဲ့ထိုးရင်ထိုးတယ်။ အဲဒီလို လုယက်တိုက်ခိုက်ခံရလို့ မနှစ်ကဆိုရင် သေတဲ့သူတောင်ရှိတယ်။ ဒီကိစ္စကို ရဲတွေနဲ့ သက်ဆိုင်ရာက ဘာမှမလုပ်နိုင်ကြတော့ဘူးထင်တယ်” ဟုပြောကြားသည်။

မှော်စီစာကျေးရွာမှ ဆယ်အိမ်မှူးတစ်ဦးဖြစ်သူ ကိုဖိုးပွားက “အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကလည်း လမ်းတိုင်း၊ နေရာတိုင်းမှာ ထိုင်စောင့်မနေနိုင်ကြပါဘူး။ သွားသတိ၊ လာသတိနဲ့ ဂရုစိုက်သွားလာကြရမှာပါ။ အမှုတစ်ခုဖြစ်ရင် အမှုလိုက်ဖို့ ရဲတပ်ဖွဲ့ရဲ့တာဝန်ဖြစ်ပေမယ့် သူတို့မှာလည်း အခက်အခဲတွေ အများကြီးရှိပါတယ်။ မြေစာပုံမှာ ဘယ်သူမှန်း ဘယ်ကလာမှန်း မသိတဲ့လူတွေအများကြီး တဲထိုးနေကြတာတွေရှိတယ်။ ဖားကန့်ဒေသရဲ့အခြေအနေအရ လူတိုင်းနေရာတိုင်းကို ဘယ်လိုမှစစ်ဆေးလို့မရနိုင်ဘူး။ အမှောင်ထဲကလူကို လိုက်ရှာရတာအတော်ခက်ပါတယ်” ဟုပြောကြားသည်။

Most Read

Most Recent