မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာမူဝါဒ ပြောင်းလဲပြီးနောက် မြဝတီနယ်စပ်မှ တရားဝင်ကားတင်သွင်းသူအချို့ လုပ်ငန်းရပ်နား

မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာမူဝါဒ ပြောင်းလဲပြီးနောက် မြဝတီနယ်စပ်မှ တရားဝင်ကားတင်သွင်းသူအချို့ လုပ်ငန်းရပ်နား
Published 1 December 2017

၂၀၁၇ နှစ်ဆန်းပိုင်းက တရားဝင် ကားတင်သွင်းစဉ်

မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲ ဖြစ်ပြီးနောက်  မြဝတီနယ်စပ်မှ မော်တော်ယာဉ်တင်သွားမှု မရှိသလောက် နည်းပါးလာပြီး တရားဝင်ကား တင်သွင်းသူအချို့ လုပ်ငန်းရပ်နားသွားကြပြီဖြစ်ကြောင်းနှင့် လယ်ယာလုပ်ငန်းသုံးယာဉ်နှင့် စက်ယန္တရားများမှာလည်း တင်သွင်းမှု လျော့နည်းလာခဲ့ကြောင်း သိရသည်။

“အခုလက်ရှိမှာ လုံးဝရပ်ထားပါတယ်။ ထို့အတူပဲ ၂၀၁၈ မူဝါဒအရ နယ်စပ်မှ ကားတင်သွင်းမှုဆိုတာ မရှိတော့ပါဘူး။ လယ်ယာသုံးထွန်စက်တွေနဲ့ စက်ယန္တရားတွေလောက်ပဲ တင်သွင်းမှုရှိနေမှာပါ” ဟု မြဝတီနယ်စပ်မှ မော်တော်ယာဉ် တရားဝင်တင်သွင်းသူ ကိုဇော်မော်ထွန်းက ပြောကြားသည်။

၂၀၁၇ မူဝါဒအပြောင်းအလဲမှာ ကုန်တင်ယာဉ်အုပ်စုဖြစ်သော Light Truck , Hijet , Deliberyvan များကို ဘယ်ညာမခွဲ တင်သွင်းခွင့်ရှိခဲ့သည့်အတွက် နယ်စပ်မှ ကားတင်သွင်းမှု လုပ်ငန်းအသက်ငွေ့ငွေ့ ရှင်သန်စေခဲ့သော်လည်း အခွန်တိုးမြင့်လိုက်သည့်ကြေညာချက် ထွက်ပေါ်လာပြီးနောက် ကားတင်သွင်းမှု လျော့ကျလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အမိန့်ကြော်ငြာစာ အမှတ် ၁/ ၂၀၁၇ အရ လူစီးမော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ (Mini Bus ၊ City Bus ၊ Express Bus) များကို ဘယ်မောင်းများသာ တင်သွင်းခွင့် ရရှိတော့မည်ဖြစ်၍ နယ်စပ်မှ ကားတင်သွင်းမှု လုပ်ငန်းများအနေဖြင့် ၂၀၁၈ နှစ်တွင် ရပ်ဆိုင်းသွားတော့မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ထိုင်းနိုင်ငံအစိုးရ၏ မူဝါဒအပြောင်းအလဲကြောင့် နှစ်ပေါင်း ၂၀ ကျော် ရောင်းချနေသော ဂျပန်တစ်ပတ်ရစ်ကားများမှာလည်း ထိုင်းနိုင်ငံ သောင်ရင်းကမ်းစပ်တွင် ရောင်းချနေကြရာမှ နိုဝင်ဘာ ၁၃ ရက်မှစ၍ ကားကုန်သည်များက မြန်မာဘက်သို့ ကမ်းကူးပြီး ရောင်းချနေကြသော်လည်း မြန်မာ့ဝယ်လက်များက စိတ်ဝင်စားမှု နည်းပါလျက်ရှိကာ ကားဈေးများမှာ ယခင်လများထက် ဈေးမြင့်တက်လျက်ရှိကြောင်း သိရသည်။

ဂျပန်တစ်ပတ်ရစ်ကားဈေးကွက် မြန်မာဘက်ကမ်းသို့ အပြောင်းအရွှေ့လာပြီးနောက် ထိုင်းဘက်ကမ်းရှိ မြန်မာလုပ်သား ၁၀၀၀ ကျော်မှာ အလုပ်လက်မဲ့ဖြစ်ကာ ကြုံရာကျ ပန်းဝင်လုပ်သူနှင့် နေရပ်သို့ ပြန်သွားသူများလည်းရှိသည်ဟု ကားဝယ်ရောင်း လုပ်သူများထံမှ သိရသည်။

“ကွန်တိန်နာ ကားတစ်စီးတလေ ဝင်ရောက်လာတယ်။ ထိုင်းဘက်မှာ ကားသိုလှောင်မထားရဘူး။ မြန်မာဘက်သို့ ချက်ချင်းကူးရတယ်။ ဒါပေမဲ့ ဝယ်လက်ကတော့ အရင်လိုမလာတော့ဘူး။ ကားဝယ်သူတွေက ထိုင်းဘက်မှာ ဝယ်ရတာကိုပဲ စိတ်အားထက်သန်ကြတယ်။ ဒီကားတင်သွင်း ရောင်းဝယ်မှု လုပ်ငန်းကို အမှီပြုနေတဲ့ အလုပ်သမားတွေကတော့ လောလောဆယ် အလုပ်လက်မဲ့ဖြစ်နေပါတယ်” ဟု နယ်စပ်မှ ကားဝယ်ရောင်းလုပ်သူတစ်ဦးက ပြောကြားသည်။

“အခုအနေထားအရ ကားဝယ်ရောင်း လုပ်နေတဲ့ ကုန်သည်ကြီးတွေ၊ ပါကစ္စတန်တွေကတော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ဒီကားဝယ်ရောင်းလုပ်ငန်းဈေးကွက်မှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေ၊ ကယ်ရီသမားတွေ၊ ပွဲစားတွေ၊ တစ်နိုင်တစ်ပိုင် ကုန်သယ်ဝယ်ရောင်း လုပ်သူတွေ အောက်ခြေအလုပ်သမားတွေ နစ်နာပါမယ်။ အလုပ်လက်မဲ့တွေ ဖြစ်လာမယ်။ မြဝတီနယ်စပ်မှာ အလုပ်လာလုပ်တာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွားများလို့ပါ။ အလုပ်လက်မဲ့ ပြဿနာဖြစ်လာရင် လူတွေစီးပွားရေး နိမ့်ကျလာမယ်။ သူတို့နောက်မှာ မိသားစုတွေရှိတယ်။ စားဝတ်နေရေးတွေ ခက်ခဲလာမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးလာရင် လူတွေဟာ လမ်းကြောင်းသွေဖည်လာနိုင်ပါတယ်” ဟု ကားဝယ်ရောင်းလုပ်သူတစ်ဦးက ပြောကြားသည်။

ကားဝင်းအတွင်း ဝယ်ရောင်းလုပ်နေသူတစ်ဦးက “ကားတွေ ဈေးတက်သွားပါတယ်။ ယခင်က ဘတ် ၁၅၀,၀၀၀ ဈေးရှိတဲ့ ကလူဂါ CLUGAR တွေ  ယခု ဘတ် ၁၇၀,၀၀၀ အထိ မြင့်သွားပါတယ်။ မြန်မာငွေနဲ့ဆို ကားတစ်စီး ကျပ် ၈၀၀,၀၀၀ ကျော် မြင့်တက်သွားတယ်။ အနိမ့်ဆုံး Honda Fit လေးတွေတောင် ယခု ဘတ် ၆၀၀၀၀ ဝန်းကျင် ကျပ် ၄၀၀၀၀၀ ခန့် မြင့်တက်သွားပါတယ်။ ဈေးသာ မြင့်တက်သွားပေမဲ့ အရောင်းအဝယ်ကတော့ အေးပါတယ်။ လက်ရှိမှာ အရောင်းအဝယ် အေးနေသလို ပြည်တွင်းမှာ အဖမ်းအဆီးတွေ ရှိလာမယ်ဆိုရင်လည်း ဈေးပြန်ကျသွားနိုင်ပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent