Facebook တွင် ပျံ့နှံံခဲ့သည့် ထောက်ကြန့်မြို့နယ်ရှိ စားသောက်ဆိုင်အတွင်း သံဃာတစ်ပါးကို ရိုက်နှက်ခဲ့သော အမျိုးသားနှစ်ဦးအား အမှုဖွင့်

Facebook တွင် ပျံ့နှံံခဲ့သည့် ထောက်ကြန့်မြို့နယ်ရှိ စားသောက်ဆိုင်အတွင်း သံဃာတစ်ပါးကို ရိုက်နှက်ခဲ့သော အမျိုးသားနှစ်ဦးအား အမှုဖွင့်
Published 1 December 2017

လူမှုကွန်ရက် Facebook စာမျက်နှာတွင် ပျံ့နှံ့နေသည့် ထောက်ကြန့်မြို့နယ်ရှိ စားသောက်ဆိုင်အတွင်း ဘုန်းကြီးတစ်ပါးကို ရိုက်နှက်ခဲ့သည့် အမျိုးသားနှစ်ဦးအား အမှုဖွင့်ထားကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ရှိ လမင်းသာစားသောက်ဆိုင်အတွင်း၌ နိုဝင်ဘာ ၂၈ ရက် မွန်း လွဲ ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗီဒီယိုဖိုင်မှာ ယင်းနေ့ညပိုင်းမှာပင် လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး ဗီဒီယိုဖိုင်နှင့် ပတ်သက်၍ ဝေဖန်မှုအများအပြား ဖြစ်ပွားခဲ့သည်။

ယင်းအမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ အဆိုပါဆိုင်မှ ပိုင်ရှင်ဖြစ်ပြီး ၎င်းအား လက်ရှိအချိန်တွင် ထောက်ကြန့် နယ်မြေရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းထားပြီး ဘုန်းကြီးအား ရိုက်နှက်ရာတွင် ဆိုင်ပိုင်ရှင်နှင့်အတူ ပါဝင်ခဲ့သည့်  အမျိုးသားမှာ လွတ်မြောက်နေကြောင်း  မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဆိုင်ပိုင်ရှင်နှင့် အခြားအမျိုးသားတစ်ဦးအား ထောက်ကြန့်နယ်မြေရဲစခန်းက (ပ)၁၂၅၆/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ၂၉၅/ ၃၂၃ / ၁၁၄ဖြင့် အမှုဖွင့်ထားကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မင်္ဂလာဒုံမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “ကျွန်တော် ကြားတာက ဘုန်းကြီးက ဆိုင်ထဲဝင်တဲ့အချိန်မှာ ဆိုင်ထဲကလူတွေနဲ့ စကားများတာလို့ သိရတယ်။ ရိုက်ခံရတဲ့ဘုန်းကြီးက လှည်းကူးမြို့နယ် ဘုရားသုံးဆူကျေးရွာမှာ သတင်းသုံးတာ။ သက်တော်က  ၆၄၊ ဝါတော် က ၄၄ ရှိပြီလို့ သိရပါတယ်။ အမှုဖွင့်တာကတော့ ရိုက်က်ခံရတဲ့ ဘုန်းကြီးကဖွင့်တာ မဟုတ်ပါဘူး။ ထောက်ကြန့်မှာနေတဲ့ လူတစ်ယောက်က ရဲစခန်းသွားအမှုဖွင့်တာလို့ သိရပါတယ်” ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် ဘုန်းကြီးမှ စားသောက်ဆိုင်တွင် အရက်လာဝယ်သဖြင့် စတင်ဖြစ်ပွားခဲ့သော်လည်း ဘုန်းကြီးအား ရိုက်နှက်ခဲ့သည်မှာလည်း ဆိုင်ပိုင်ရှင်ဘက်မှ မှားခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် သံဃနာယအကျိုးတော်ဆောင် ဆရာတော် ဦးစန္ဒောဘာသက မိန့်ကြားသည်။

“ဖြစ်စဉ်က ဘုန်းကြီးတစ်ပါးက အရက်လာဝယ်တယ်။ ဆိုင်က မရောင်းပေးနိုင်ဘူးဆိုလို့ အဲဒီမှာပြဿနာက စဖြစ်ရော။ စဖြစ်တော့ ဦးဇင်းတို့ဆီကို အကြောင်းကြားတယ်။ မြို့နယ် သံဃနာယကအဖွဲ့က စည်းကမ်း ထိန်းသိမ်းရေးမှူးတွေ ဖြစ်တဲ့နေရာကို ရောက်တဲ့အချိန်မှာ ပြဿနာက ဖြစ်ပြီးနေပြီ။ ပြီးတော့ မြို့နယ်သံဃနာယက ကျောင်းကိုခေါ်လာတယ်။ ကျောင်းရောက်တော့ အရိုက်ခံရတဲ့ ဘုန်းကြီးကို မေးတယ်။ နှစ်ဖက်စလုံးက ကျေနပ်တော့ မြို့နယ်သံဃနာယကအဖွဲ့က နေပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်မဖြစ်ဖို့ သံဃနာယကအဖွဲ့ကနေ တာဝန်ယူပြီး အရိုက်ခံရတဲ့ဘုန်းကြီးကို ခံဝန်ထိုးခိုင်းတယ်” ဟု မင်္ဂလာဒုံမြို့နယ်သံဃနာယ အကျိုးတော်ဆောင်ဆရာတော် ဦးစန္ဒောဘာသက မိန့်ကြားသည်။

ဆိုင်ပိုင်ရှင်အား သက်ဆိုင်ရာရဲစခန်းမှ ဖမ်းဆီးသွားကြောင်း၊ ရဲတပ်ဖွဲ့၏ အရေးယူမှုပိုင်းအား မသိရှိကြောင်း  ဆရာတော် ဦးစန္ဒောဘာသက မိန့်ကြားသည်။

Most Read

Most Recent