YBS ဘတ်စ်ကားများတွင် ကတ်စနစ်ဖြင့် စီးနင်းနိုင်ရန်အတွက် ကတ်စနစ်ကို တင်ဒါတင်သွင်းသည့်အဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း သိရ

YBS ဘတ်စ်ကားများတွင် ကတ်စနစ်ဖြင့် စီးနင်းနိုင်ရန်အတွက် ကတ်စနစ်ကို တင်ဒါတင်သွင်းသည့်အဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း သိရ
Published 1 December 2017

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

YBS ဘတ်စ်ကားများတွင် ကတ်စနစ်ဖြင့် စီးနင်းနိုင်ရန် ကတ်စနစ်ကို တင်ဒါတင်သွင်းသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် ပြောကြားခဲ့သည်။

လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူလူထုလက်ထဲတွင် ငွေစက္ကူအကြွေများ တဖြည်းဖြည်းရှားပါးလာနေသဖြင့် ၎င်းအခက်အခဲကို ရေရှည်ပြေလည်စေရန် အစီအစဉ်များ ချမှတ်ထားခြင်း ရှိ၊ မရှိ၊ YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခမှရရှိသော ငွေစက္ကူအကြွေများကို အမြန်ဆုံး ပြန်လည်ရောက်ရှိ လည်ပတ်နိုင်ရန် ယခုထက် ပိုမိုကျယ်ပြန့်စွာ အကြွေလဲလှယ်ပေးနိုင်သော အစီအစဉ်ချမှတ်ထားခြင်း ရှိ၊ မရှိကို မေးမြန်းခဲ့သည်။

“YBS ကားတွေကို စီးနင်းတဲ့အခါမှာ ကတ်စနစ်နဲ့ စီးနင်းနိုင်ရန်အတွက် ကတ်စနစ်ကို တင်ဒါတင်သွင်းတဲ့အဆင့်ကို ရောက်နေပါပြီ။ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံတကာမှာ ကတ်စနစ်နဲ့ စီးနင်းသလိုပဲ အချို့သောလူတွေက ငွေအကြွေ သို့မဟုတ် ငွေစက္ကူနဲ့ စီးနင်းဆဲ အကြောင်းကြောင်းကြောင့် ရှိနေသေးတဲ့အတွက် ဆက်လက်ပြီးတော့ ငွေစက္ကူ၊ ငွေအကြွေ လက်ခံတဲ့ကိစ္စရှိနေမှာ ဖြစ်ပါတယ်” ဟု ဒေါ်နီလာကျော်က ပြောကြားသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ငွေပေးချေးခြင်းကို စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သြဂုတ် ၁၅ ရက်က တင်ဒါသွင်းမည့် ကုမ္ပဏီများအား ရှင်းလင်းသည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြောကြားထားသည်။

“YBS စီးနင်းရာတွင် ယာဉ်စီးခအကြွေကို Cash Box ထဲ ထည့်ရတဲ့ကိစ္စရပ်မှ စတင်ပြီး အကြွေအခက်အခဲဖြစ်လာသော ပြဿနာသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားအခြားသော ကဏ္ဍပေါင်းများစွာသို့ အကျိုးဆက်များ ဆက်နွယ်လျက်ရှိပါတယ်။ Cash Box မှ ငွေသိမ်းဌာန၊ ထိုမှတစ်ဆင့် ငွေလုံးငွေရင်းဖြင့် ငွေလဲလှယ်သူ၊ ထိုမှပြည်သူတစ်ဦးချင်းဆီသို့ ပြန်လည်စီးဆင်းရသည့်အတွက် ငွေကြေးစီးဆင်းမှု နှေးကွေးခဲ့ရပါတယ်။ အဆိုပါအခြေအနေကြောင့် ကုန်စိမ်းဆိုင်၊ ကွမ်းယာဆိုင်၊ လက်ဖက်ရည်ဆိုင်အပါအဝင် အိမ်ရှင်မများ၏ မနက်ဈေးဝယ်ရသော ပြဿနာများအထိ အကြွေပြဿနာ ပေါ်ပေါက်လာရပါတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်က ပြောကြားသည်။

Most Read

Most Recent