လှည်းကူးမြို့နယ်တွင် ထရန်စဖော်မာ ပြုပြင်ရာမှ လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး

လှည်းကူးမြို့နယ်တွင် ထရန်စဖော်မာ ပြုပြင်ရာမှ လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး
Published 1 December 2017

လှည်းကူးမြို့နယ်တွင် ထရန်စဖော်မာ ပြုပြင်ရာမှ လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံးမှု နိုဝင်ဘာ ၂၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ဓာတ်လိုက်သေဆုံးသူမှာ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စုတွင် နေထိုင်သည့် လျှပ်စစ်ဝန်ထမ်းတစ်ဦးဖြစ်သူ ကို.... (၂၂ နှစ်)ဖြစ်ပြီး ၎င်းသည် အခြားလျှပ်စစ်ဝန် ထမ်းတစ်ဦးနှင့်အတူ ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု၊ ထန်းပင်ကွက်သစ်ရပ်ကွက်၊ မြို့ရိုးဘုန်းတော်ကြီးကျောင်းအနီးရှိ  ထရန်စဖော်မာအား ပြုပြင်ရာမှ ဓာတ်လိုက်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထရန်စဖော်မာပျက်နေလို့ ပြင်တာပါ။ ဖျူ့စ်ကိုမဖြုတ်မိဘဲ ထရန်စဖော်မာမှာရှိတဲ့ ဓာတ်ကြိုးတစ်ကြိုးကို ကိုင်မိရာက ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သိရတယ်။ ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ခုဆေးစစ်ချက် အဖြေထွက်လာတဲ့အခါမှာ နှလုံးကွဲပြီး သေဆုံးခဲ့တယ်လို့ အဖြေထွက်လာပါတယ်” ဟု ဖောင်ကြီးနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဓာတ်လိုက်သေဆုံးသည့် ဖြစ်စဉ်ကို ဖောင်ကြီးနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၈/ ၂၀၁၇) ဖြင့်အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်လိုက်မှုကြောင့် သေဆုံးလျက်ရှိသူများမှာ နှစ်စဉ်များပြားလျက်ရှိကြောင်း သိရပြီး အထူးသဖြင့် မိုးရာသီကာလများတွင် အများဆုံးဖြစ်ပွားကြောင်း သိရသည်။

Most Read

Most Recent