သယံဇာတများအား စီမံခန့်ခွဲပိုင်ခွင့်နှင့် အကျိုးအမြတ်၏ တချို့တစ်ဝက် ခွဲဝေအသုံးပြုခွင့်ရရှိရေး ရခိုင်ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို လွှတ်တော်တွင် အတည်ပြု

သယံဇာတများအား စီမံခန့်ခွဲပိုင်ခွင့်နှင့် အကျိုးအမြတ်၏ တချို့တစ်ဝက် ခွဲဝေအသုံးပြုခွင့်ရရှိရေး ရခိုင်ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို လွှတ်တော်တွင် အတည်ပြု
Published 1 December 2017

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်ထဲမှ ထွက်ရှိသော သယံဇာတများအား သက်ဆိုင်ရာပြည်နယ်မှ စီမံခန့်ခွဲပိုင်ခွင့်နှင့် ၎င်းမှရရှိသည့် အကျိုးအမြတ်၏ တချို့တစ်ဝက်ကို ခွဲဝေအသုံးပြုခွင့်ရရှိရေး ရခိုင်ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုအား ပေါက်တောမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက တင်သွင်းခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်တွင် ကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် လွှတ်တော်အတွင်း ပြန်လည်ဆွေးနွေးခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်ကာအတည်ပြုခဲ့ကြောင်း သိရသည်။

ယင်းအဆိုနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးဦးကထောက်ခံ ဆွေးနွေးခဲ့သည့်အပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောသတ္တုဝန်ကြီး ဦးကျော်လွင်ကလည်း ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း ယင်းအဆိုအပေါ် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များဘက်မှ ကန့်ကွက်သူရှိသဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက မတ်တတ်ရပ် မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်သို့ တက်ရောက်သူများအနက် အတည်ပြုရန် ထောက်ခံသူ ၂၆ ဦး၊ ကန့်ကွက် သူ ၁၁ ဦး၊ ကြားနေနှစ်ဦးတို့ ရှိခဲ့သဖြင့် အဆိုအား ရခိုင်ပြည်နယ်လွှတ်တော်မှ အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းမှာ နောက်ဆုံးမှာရှိတယ်ဆိုတာ တစ်ကမ္ဘာလုံးအသိပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အပိုင်းက ဆောင်ရွက်နေတာရှိပေမယ့် မဖြစ်စလောက် ငွေလေးနဲ့လုပ်တယ်။ အလှူငွေနဲ့ လုပ်တယ်ဆိုတာတော့ နည်းနည်းသဘာဝမကျဘူးလို့ မြင်ပါတယ်။ ရခိုင်ဒေသဟာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေခံမြေခံကောင်းတဲ့ဒေသလည်း ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ဒေသကထွက်ရှိတဲ့ သယံဇာတတွေရဲ့အကျိုးအမြတ် တချို့တစ်ဝက်ကို သုံးစွဲပေးဖို့အတွက် ဖွံ့ဖြိုး တိုးတက်ရေးကိုဦးတည်တဲ့ အဆိုသာ ဖြစ်ပါတယ်။ သယံဇာတ ခွဲဝေသုံးစွဲရေးအပိုင်းမှာတော့ ဇီးရိုးသာရှိတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၇ (က)မှာတော့ နိုင်ငံတော်ဟာ မြေပေါ်မြေအောက်သယံဇာတ အားလုံးရဲ့ ပိုင်ရှင်ဖြစ်တယ်လို့ ဖော်ပြထားပေမယ့် ပြည်ထောင်စုအစိုးရက ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်တယ်ဆိုတဲ့ နေရာမှာ လုပ်ပိုင်ခွင့် အာဏာနဲ့ ခွဲဝေပေးလို့ရနိုင်ပါတယ်” ဟု ပြောကြားသည်။

ယင်းအပြင် နိုင်ငံတော်အနေဖြင့်မူရင်း ပိုင်ရှင်ဆိုသော်လည်း တိုင်းရင်းသား ၁၃၅ မျိုးမှ ပိုင်ဆိုင်သော နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်ကိုပိုင်သည့် မူရင်းပိုင်ရှင်ထဲတွင် တိုင်းရင်းသားများလည်း ပါဝင်ကြောင်း၊ ယင်းအတွက်ကြောင့် ဖွဲ့စည်းပုံအရ ပေးမည်ဆိုပါက ပေးလို့ရသည့်အနေအထားများလည်း ရှိနေကြောင်း၊ ဖွဲ့စည်းပုံထဲတွင် မပေးရဟုရေးသား ဖော်ပြထားခြင်းလည်း မရှိကြောင်း၊ ထို့ကြောင့် တချို့တစ်ဝက်ကို ခွဲဝေပေးမည်ဆိုပါက ပေးနိုင်ကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ကိစ္စဖြစ်ကြောင်း ထပ်လောင်း ပြောကြားသည်။

ယင်းအဆိုအား စစ်တွေမြို့နယ်အမှတ် (၂)  မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦး၊ ဘူးသီးတောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ဦးဇော်ဇော်မြင့်၊ ကျောက်ဖြူမြို့နယ်အမှတ် (၂) မဲဆန္ဒနယ်မှ ဦးဖိုးစံ၊ မြောက်ဦးမြို့နယ်အမှတ် (၁) မဲဆန္ဒနယ်မှ ဦးထွန်းသာစိန်တို့က ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထောက်ခံခြင်းနှင့်ပတ်သက်ပြီး ဦးထွန်းသာစိန်က “ကျွန်တော်တို့က ဌာနေတိုင်းရင်းသားတွေ ဖြစ်တယ်။ ဌာနေတိုင်းရင်းသားတွေဟာ ကုလသမဂ္ဂရဲ့ ကြေညာစာတမ်းအရဆိုရင် အဲဒီဌာနေတိုင်းရင်းသားတွေနေတဲ့ ရေမြေဒေသကထွက်တဲ့ သယံဇာတတွေရဲ့ မူလအရင်းအမြစ်တွေဟာ ဌာနေတိုင်းရင်းသားတွေပဲ ဖြစ်တယ်။ အဲဒီကရတဲ့ အကျိုးအမြတ်တွေကိုလည်း ဌာနေတိုင်းရင်းသားတွေ ပိုင်ဆိုင်သင့်တယ်။ ဒါပေမဲ့ အခုဖြစ်နေတဲ့ ဟာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ နိုင်ငံတော်ရဲ့ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက်  ဘယ်သယံဇာတဖြစ်ဖြစ် မူလပိုင်ရှင်ဟာ နိုင်ငံတော်က ဖြစ်တယ်လို့ဆိုထားတယ်။ ဒါပေမဲ့ အခုအစိုးရက ပြည်သူ့အစိုးရလို့လည်း ခံယူထားတယ်။ ဒီမိုကရေစီအစိုးရလို့လည်း ခံယူထားတယ်။ တကယ်လို့များ သယံဇာတ အကျိုးအမြတ် ခွဲဝေပိုင်ခွင့်စီမံပိုင်ခွင့်ကို မချပေးနိုင်သည့်တိုင်အောင် ငွေကြေးဆိုင်ရာ မူဝါဒစီမံခန့်ခွဲရေး အပိုင်းကိုတော့ အစိုးရအနေနဲ့ တာဝန်ယူဆောင်ရွက်ထားတယ်။ အဲဒီတော့ နစ်နာနေတဲ့ ရခိုင်ပြည်သူတွေကို အဲဒီ အကျိုးအမြတ် ရလဒ်ကနေပြီးတော့ တချို့တစ်ဝက်ကိုတော့ ပေးသင့်တယ်။ အဲဒီလိုပေးသင့်တဲ့အတွက် ကျွန်တော်ထောက်ခံ ဆွေးနွေးခဲ့တာဖြစ်ပါတယ်” ဟု ပြောကြားသည်။

အလားတူစွာပင် ကျောက်ဖြူမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဦးဖိုးစံကလည်း ရခိုင်ပြည်နယ်သည် သယံဇာတထွက်နေသော်လည်း တိုင်းနှင့် ပြည်နယ် ၁၄ ခုအတွင်း နောက်ဆုံးကို ရောက်နေကြောင်း၊ လက်ရှိစာရင်းများအရ ချင်းပြည်နယ်အောက်ကို ရောက်နေသည်ဟုသိရကြောင်း၊ ယင်းသို့ ရောက်နေရခြင်းသည် စီမံခန့်ခွဲသည့် နေရာတွင် တစ်ခုခု လွဲချော်နေခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း၊ ကျောက်ဖြူညီလာခံအတွင်း သယံဇာတ အကျိုးအမြတ်အား ရာခိုင်နှုန်း ၅၀ ခွဲဝေသုံးစွဲခွင့် ရရှိရေးအတွက်လည်း ဆုံးဖြတ်ခဲ့ခြင်းရှိခဲ့သည့်အတွက် ထောက်ခံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent