မင်္ဂလာဒုံဈေးနှင့် ကွမ်းခြံကုန်းမြို့မဈေး၌ FDA က စစ်ဆေးရာ စားသောက်ကုန်များတွင် ဖော်မလင်အသုံးပြုမှု လျော့နည်းသွားဟုဆို

မင်္ဂလာဒုံဈေးနှင့် ကွမ်းခြံကုန်းမြို့မဈေး၌ FDA က စစ်ဆေးရာ စားသောက်ကုန်များတွင် ဖော်မလင်အသုံးပြုမှု လျော့နည်းသွားဟုဆို
Published 1 December 2017

နိုဝင်ဘာ ၂၉ ရက်က မင်္ဂလာဒုံဈေးနှင့် ကွမ်းခြံကုန်းမြို့မဈေးများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ရှောင်တခင်ဝင်ရောက် စစ်ဆေးနေသည်ကို တွေ့ရစဉ်

နိုဝင်ဘာ ၂၉ ရက်က မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေးနှင့် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးများကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ရှောင်တခင်စစ်ဆေးရာ ဖော်မလင်အသုံးပြုတတ်သော စားသောက်ကုန်များ၌ ဖော်မလင်အသုံးပြုမှု လျော့နည်းသွားကြောင်း သိရသည်။

နိုဝင်ဘာ ၂၉ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ၊ ရန်ကုန်ရုံးနှင့် မြောက်ပိုင်းခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များဖြင့် မင်္ဂလာဒုံဈေးရှိ စားသောက်ကုန်ရောင်းချသော ဈေးဆိုင်များမှ စားသောက်ကုန် ၂၇ မျိုးကို ဈေးကွက်နမူနာဝယ်ယူပြီး ၁၉ မျိုးအား Test Kit ဖြင့် စစ်ဆေးခဲ့ရာ မုန့်ဖတ်၊ နန်းကြီး၊ ညှပ်ခေါက်ဆွဲဖတ်များတွင် ခွင့်မပြုဓာတုပစ္စည်းများ၊ ဖော်မလင်သုံးစွဲထားခြင်း မတွေ့ရှိရဘဲ ခေါက်ဆွဲလေးမျိုးတွင် အစားအသောက်များ၌ အသုံးပြုရန် တားမြစ်ထားသော Borax သုံးစွဲထားကြောင်း တွေ့ရှိရ၍ ရောင်းချသူအား တားမြစ်ဓာတုပစ္စည်းများပါဝင်သော ပစ္စည်းများအား ရောင်းချခြင်းမပြုရန် ခံဝန်လက်မှတ်ရေးထိုးခဲ့ပြီး ထုတ်လုပ်သည့်ပင်ရင်းမုန့်ဖတ်ဖိုအား ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ကွမ်းခြံကုန်းမြို့မဈေးကို သွားရောက်ခဲ့ပြီး စားသောက်ကုန်ရောင်းချသော ဆိုင်များတွင် ဖော်မလင်ထည့်သွင်း အသုံးပြုနိုင်သော အစားအသောက်များ (မုန့်ဖတ်၊ ပဲပြား)၊ ငါးပိ၊ လက်ဖက်၊ ယိုစုံ၊ အချိုရည်၊ တော်ဖီ၊ ငရုတ်ဆီစသည့် အစားအသောက် နမူနာများကိုဝယ်ယူ၍ ဖော်မလင်ထည့်သွင်း အသုံးပြုနိုင်သော အစားအသောက်များတွင် ဖော်မလင်နှင့် ငရုတ်ဆီ၌ Salicylic Acid တို့ကို ရှောင်တခင်ဝယ်ယူစစ်ဆေးခဲ့ရာ အစားအသောက်များတွင် ခွင့်မပြုဓာတုပစ္စည်း သုံးစွဲထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဈေးများအနီးရှိ ဆေးဆိုင်များ၌ ဆေးဝါးရောင်းချခွင့်လိုင်စင် ရှိ မရှိ၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် မပါသော ဆေးဝါးများရောင်းချခြင်း ရှိ မရှိ၊ သက်တမ်းလွန်ဆေးဝါးများနှင့် စပ်ဆေးများ ရောင်းချခြင်း ရှိ မရှိ၊ တားမြစ်အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ မရှိ စသည်တို့ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖော်မလင်ဆိုသည်မှာ Formaldehyde ဒြပ်ပေါင်းပါဝင်သော အရောင်မရှိသော အရည်တစ်မျိုးဖြစ်ကြောင်း၊ ဖော်မလင်ကို အသားများ တောင့်တင်းခိုင်မာစေပြီး မပုပ်မသိုးအောင် ထိန်းသိမ်းထားနိုင်သော အစွမ်းသတ္တိရှိသည့်အတွက် လူသေအလောင်းများ မပုပ်မသိုးအောင်ပြုလုပ်ရာတွင် အသုံးပြုကြောင်းနှင့် ဖော်မလင်သည် စက္ကူစက်ရုံ၊ အထည်အလိပ်စက်ရုံများတွင် ပလတ်စတစ် Resin များ ထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းတစ်မျိုးဖြစ်ကြောင်း သိရသည်။

ဖော်မလင်အား အစားအသောက်များတွင် သုံးစွဲရန်ခွင့်မပြုကြောင်း၊ ပဲပြား၊ မုန့်ဖတ်၊ ပင်လယ်စာများ၊ နို့နှင့် နို့ထွက်ပစ္စည်းများတွင် ဖော်မလင်အား အလွဲသုံးတတ်ကြောင်း၊ ဖော်မလင်ပါဝင်သော အစားအသောက်များကို ရေရှည်အားဖြင့် သို့မဟုတ် ပမာဏများစွာ စားသုံးမိပါက ပြင်းထန်စွာဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် အသက်အန္တရာယ်ဆုံးရှုံးသည်အထိ ဖြစ်ပေါ်စေနိုင်ကြောင်းနှင့် ဖော်မလင်အသုံးပြုသော အချို့လုပ်ငန်းခွင်များတွင် ဖော်မလင်အား ကာလကြာရှည်စွာ ရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

Most Read

Most Recent