နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ
Published 30 November 2017

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အလုပ်သဘော ချစ်ကြည်ရေး ခရီးသွားရောက်ရန် ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် နေပြည်တော်မှ မြန်မာ့ အမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အလုပ်သဘော ချစ်ကြည်ရေး ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲနှင့် ပေကျင်းမြို့၌ ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ အထူးဧည့်သည်တော်အဖြစ် တက်ရောက် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံး ယာယီတာဝန်ခံ Mr.Yu Bianjiang နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်မြင့်မောင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရသည်။

Most Read

Most Recent