မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှရရှိသည့် ငွေကြေးများကို ခဝါချပေးနေသည်ဟုဆိုကာ မြန်မာအမျိုးသမီးတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှရရှိသည့် ငွေကြေးများကို ခဝါချပေးနေသည်ဟုဆိုကာ မြန်မာအမျိုးသမီးတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး
Published 30 November 2017

တာချီလိတ်မြို့မှ မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၏ ငွေကြေးများကို ခဝါချပေးနေသည်ဟုဆိုကာ မြန်မာအမျိုးသမီးတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ထိုင်းမီဒီယာများတွင် နိုဝင်ဘာ ၂၉ ရက်က ဖော်ပြထားသည်ကို တွေ့ရသည်။

ဖမ်းဆီးခံရသူမှာ ၄၁ နှစ်အရွယ် နန်းမြင့်သိန်းအေးဆိုသူဖြစ်ပြီး ၎င်းမှာ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ချိန်တွင် ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နန်းမြင့်သိန်းအေးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၏ ငွေကြေးများကို လွှဲပြောင်းပေးနေသည့် ကွန်ရက်မှ အဓိက တာဝန်ရှိသူလေးဦးအနက် တစ်ဦးဖြစ်ကြောင်း ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးရဲတပ်ဖွဲ့၏ ပြောကြားချက်ကိုကိုးကားပြီး ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါကွန်ရက်တွင် ဘဏ်စာရင်း အများအပြားဖွင့်လှစ်ထားပြီး ငွေကြေးလွှဲပြောင်းမှုများစွာ ပြုလုပ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆက်လက်ပြောကြားသည်။

ယင်းကွန်ရက်မှာ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါးရောင်းရငွေများအား လွှဲပြောင်းပေးလျက်ရှိပြီး တစ်ရက်လျှင် ထိုင်းဘတ်ငွေ ၁၀ သန်းထက်မနည်း လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။

နန်းမြင့်သိန်းအေးတွင် ဘဏ်အကောင့် ၁၀၀ ကျော်အထိရှိနေပြီး အဆိုပါ ဘဏ်အကောင့်များမှာ  ဘတ်ငွေ ငါးဘီလျံခန့် လည်ပတ်နေကြောင်း၊ ကွန်ရက်တစ်ခုလုံး၏ တစ်နှစ်အတွင်း ငွေသားလည်ပတ်မှုမှာ ဘတ်ငွေ ၁၀ ဘီလျံကျော်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆက်လက်ပြောကြားသည်။

ထိုင်းရဲတပ်ဖွဲ့၏ စွပ်စွဲပြောကြားချက်များအား နန်းမြင့်သိန်းအေးက ငြင်းဆန်ထားပြီး ၎င်းအနေဖြင့် တာချီလိတ်မြို့တွင် ငွေလဲလှယ်ရေးလုပ်ငန်းတစ်ခုကိုသာ လုပ်ကိုင်လျက်ရှိသည်ဟု ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

Most Read

Most Recent