ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ စားသောက်ဆိုင်များနှင့် လှိုင်ရတနာဈေးအား FDA ရှောင်တခင်စစ်ဆေး

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ စားသောက်ဆိုင်များနှင့် လှိုင်ရတနာဈေးအား FDA ရှောင်တခင်စစ်ဆေး
Published 30 November 2017

နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ စားသောက်ဆိုင်များကို ရှောင်တခင်စစ်ဆေးနေစဉ်

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း စားသောက်ဆိုင်များရှိ မီးဖိုဆောင်များနှင့် ချက်ပြုတ်ရာတွင်အသုံးပြုသော အစားအသောက် ကုန်ကြမ်းပစ္စည်းများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ရန်ကုန်ရုံးအဖွဲ့က ရှောင်တခင်စစ်ဆေးခဲ့ပြီး ရောင်းချနေသည့် အစားအသောက်များတွင် ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ မရှိ ဓာတ်ခွဲစစ်ဆေးရန် အစားအသောက်နမူနာများ ရယူခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၈ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ၊ ရန်ကုန်ရုံးအဖွဲ့သည် အခြားနှီးနွှယ်ဌာနများနှင့် ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း စားသောက်ဆိုင်များရှိ မီးဖိုဆောင်များ စစ်ဆေးခြင်း၊ ချက်ပြုတ်ရာတွင်အသုံးပြုသော အစားအသောက်ကုန်ကြမ်းများအား ဝယ်ယူစစ်ဆေးခဲ့ပြီး ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စစ်ဆေးသော အစားအသောက်နမူနာများအနက် မုန့်ဖတ်မှာ ဖော်မလင်ပါဝင်ကြောင်း တွေ့ရှိရသဖြင့် ယင်းစားသုံးရန်မသင့်သော မုန့်ဖတ်များအား သိမ်းဆည်းဖျက်ဆီးခြင်း၊ ဆိုင်ပိုင်ရှင်များအား အသိပညာပေးခြင်းနှင့် မူလရောင်းချသူအား စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ၊ ရန်ကုန်ရုံးနှင့်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (အနောက်ပိုင်းခရိုင်)အဖွဲ့သည် လှိုင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်တို့ဖြင့် လှိုင်မြို့နယ်၊ လှိုင်ရတနာဈေးရှိ စားသောက်ကုန်ရောင်းချ သောဆိုင်များတွင် ဖော်မလင်ထည့်သွင်းအသုံးပြုနေသော အစားအသောက်များ၊ ခေါက်ဆွဲများတွင် Borax ၊ သရက်ချဉ်တွင် Salicylic acid နှင့် ရောနှောဆီများကို ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အစားအသောက်များတွင် ခွင့်မပြု ဓာတုပစ္စည်းသုံးစွဲထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့အတူ ဈေးအနီးရှိ ဆေးဆိုင်များတွင် ဆေးဝါးရောင်းချခွင့်လိုင်စင် ရှိ မရှိ၊ ဆေးဝါးမှတ်ပုံတင်အမှတ်တံဆိပ် မပါသော ဆေးဝါးများရောင်းချခြင်း ရှိမရှိ ၊သက်တမ်းလွန်ဆေးဝါးများနှင့် စပ်ဆေးများ ရောင်းချခြင်းရှိမရှိ နှင့် တားမြစ်အလှကုန်ပစ္စည်းများ ရောင်းချခြင်း ရှိမရှိ စသည်တို့ကို စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

၂၀၁၃ မှ ၂၀၁၇ ခုနှစ် ဇွန်လအထိ အမျိုးသားဆေးဝါးဥပဒေအရ တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၂၆၅ မှုရှိပြီး လိုင်စင်မရှိ ဆေးဆိုင်များ၊ စပ်ဆေး၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါး၊ တရားမဝင်ဆေးဝါးရောင်းချသည့် ဆေးဆိုင်များလည်းပါဝင်ကြောင်းနှင့် နှစ်အလိုက် အမျိုးသားဆေးဝါးဥပဒေဖြင့် အရေးယူခဲ့သည့် အမှုများမှာ ၂၀၁၃ခုနှစ်တွင် ၇၁မှု၊ ၂၀၁၄ ခုနှစ်တွင် ၁၉မှု၊ ၂၀၁၅ ခုနှစ်တွင် ၅၁ မှု၊ ၂၀၁၆ ခုနှစ်တွင် ၉၉ မှု၊ ယခုနှစ် ဇွန်လအထိ၂၅ မှု စုစုပေါင်း ၂၆၅ မှုရှိကြောင်းနှင့် ယင်းအမှုများအနက် ထောင်ဒဏ်အရပြစ်မှု ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဖြစ်စဉ်များလည်းရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

ထို့ပြင် နိုဝင်ဘာဒုတိယပတ်အတွင်းကလည်း ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးပေါ်ရှိ စားသောက်ဆိုင်များကို ရှောင်တခင်စစ်ဆေးခဲ့ပြီး ရောင်းချနေသည့် အစားအသောက်များတွင် ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ မရှိ ဓာတ်ခွဲစစ်ဆေးရာ အစားအသောက် ကုန်ကြမ်းပစ္စည်းများတွင် ဆိုးဆေးများနှင့် ဟင်းချက်ရာတွင်အသုံးပြုသည့် ငရုတ်သီးမှုန့်များတွင် Aflatoxin မှိုအဆိပ်များ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ဆိုင်ပိုင်ရှင်များအား ခံဝန်ထိုးသတိပေးခဲ့ပြီး ဖြစ်သည်။

ဆက်လက်၍ ဈေးကွက်အတွင်း ရှိနေသော အန္တရာယ်ရှိအစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများကို ပိုက်စိပ်တိုက်ရှာဖွေသွားရန်ရှိပြီး အသိပညာပေးလုပ်ငန်းများနှင့် ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း ကျေးရွာအရောက် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

Most Read

Most Recent