ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်သို့မပြန်နိုင်သေးဘဲ ဆောင်းရာသီကာလအတွင်း အနွေးထည်နှင့်စောင်များ အဓိကလိုအပ်နေ

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်သို့မပြန်နိုင်သေးဘဲ ဆောင်းရာသီကာလအတွင်း အနွေးထည်နှင့်စောင်များ အဓိကလိုအပ်နေ
Published 30 November 2017

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များအား တွေ့ရစဉ်

ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာတွင် နေထိုင်နေကြသော အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များသည် နေရပ်သို့ မပြန်နိုင်သေးဘဲ ဆောင်းရာသီကာလအတွင်း အနွေးထည်နှင့် စောင်များ၊ အိုးခွက်ပန်းကန်များလိုအပ်လျက်ရှိသည်ဟု သိရသည် ။

“အဲဒီမှာ ကျွန်တော်တို့ရောက်တော့ လက်ရှိအခြေအနေက ဆန်တွေဘာတွေ အလှူရှင်တွေက လှူဒါန်းတာတွေရှိတယ်။ စားဖို့ရှိတယ်ပေါ့။ ငွေကြေးထောက်ပံ့မှုတော့ နည်းသေးတယ်။ ငွေမရှိတော့သူတို့အတွက် ကျန်းမာရေးအတွက် ဆေးကုသဖို့ ငွေမရှိတော့ ဆေးမကုနိုင်ဘူးဆိုတဲ့ အနေအထားမှာ ရှိတယ်။ သူတို့လိုအပ်နေတာက ကျန်းမာရေး စောင့်ရှောက်ဖို့လိုအပ်နေတယ်။ ဆောင်းတွင်းကလည်း ဝင်နေပြီ။ သူတို့ရဲ့ အဝတ်အစားတွေ၊ စောင်တွေရယ်၊ လှူထားတာရှိပေမဲ့ စောင်တွေကမလောက်ဘူး။ မိသားစုများတဲ့ မိသားစုဆိုရင် မလောက်ဘူး။ အိမ်မှာအဝတ်အစားကလည်း နည်းတော့ အနွေးထည် အဝတ်အစားတွေ လိုအပ်နေပါတယ်။  အိမ်အတွက်ကတော့ ငွေကြေးထောက်ပံ့ထားတာတွေရှိတော့ လက်ရှိအိမ်အလုံးတွေ ဆောက်နေပါတယ်။ တစ်အိမ်ကိုငါးသောင်းပေါ့။ သူတို့ လုပ်အားနဲ့ ပူးပေါင်းဆောက်လုပ်ရမှာပေါ့။ အိမ်အလုံး ၂၀ လောက်ပေါ့။ အခုလိုကမ်းစပ်မှာ မဟုတ်ပဲနဲ့ပေါ့။ ရေရှည်မှာဆိုရင် မြေပြင်မှာအိပ်ရတာကလည်း သိပ်အဆင်ပြေမယ် မထင်ဘူး။ အိမ်ကတော့ ပလက်ဝကော် မတီကတစ်ဆင့် လှူဒါန်းပြီးတော့ ကျွန်တော်တို့က စီမံပေးတာပေါ့။ အိမ်တွေကအပြည့်အဝတော့ မလုံလောက်သေးဘူး။ အခုပြောနေတာက ရှင်းလက်ဝကျေးရွာက စစ်ဘေးရှောင်တွေ အကြောင်းပါ။ ရှင်းလက်ဝမှာက ၅၉ အိမ်ထောင်စုရှိပါတယ်။ လူဦးရေ ၃၀၀ ကျော် ရှိပါတယ်” ဟု ပလက်ဝမြို့မှ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်သူ ကိုအိုက်ခင်က ဆိုသည်။

“ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ငရှားကျေးရွာအုပ်စု၊ ငရှား (အထက်) ကျေးရွာနေ မောင်ဖြူ (ခ) ကျော်သာအောင် (၂၅ နှစ်) (ဘ) ဦးထွန်းသန်း (ချင်းလူမျိုး) သည် ရွာအနောက်ဘက် သုံးမိုင်ခန့်အကွာ ကားတောင် (Tanglang Mawi) ခြေရင်းရှိတောင်ယာခင်းသို့ သွားနေစဉ် နိုဝင်ဘာ ၂၈ ရက်တွင် မိုင်းထိမှန်ပြီး ညာဘက်ပေါင်ရင်းမှ ပြတ်ထွက်သွားကာ ရရှိဒဏ်ရာဖြင့် ကွယ်လွန်သွားကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” ဟု ချင်းပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားသည်။

“သူတို့ရဲ့ အခြေအနေကလုံးဝကို ကြောက်နေတာပေါ့။ သူတို့မူရင်းနေရပ်ကို မပြန်ချင်သေးဘူး။ အဲဒီမှာလုံခြုံရေးတွေလည်း မရှိသေးဘူး။ အဲဒီမှာဆိုရင် မိုင်းတွေဘာတွေလည်း ကြောက်တယ်။ ပြန်ရင်လည်း တောင်ယာကိုသွားဖို့ အဆင်မပြေသေးဘူး။ လုံးဝမပြန်ချင်ဘူး။ အခုရှင်းလက်ဝမှာပဲ အဆင်ပြေအောင်နေမယ်။ လောလောဆယ် တာဝန်ရှိတဲ့ လူကြီးတွေကလည်း အဆင်ပြေအောင် လုပ်ပေးပါတယ်” ဟု ပလက်ဝဒေသခံ လူမှုရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောကြားသည် ။

“ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း AA သောင်းကျန်းသူများ ဝင်ရောက်လှုပ်ရှားသဖြင့် တပ်မတော်မှ နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းဆောင်ရွက်စဉ် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ရွှေလိုင်ပွီအုပ်စု၊ အမက ဖွီလိုက်၀ (၁) မှ မူပြ ဆရာမဒေါ် ဆွီငွန်ဆန်း (ဖလမ်းမြို့နယ်ဇာတိ)၊ မူပြဆရာမဒေါ်ညိုမာလွင် (ဂန့်ဂေါမြို့နယ်ဇာတိ)၊ အမက ပကာဝမှ မူပြဆရာမ ဒေါ်ခင်ထွေးရီ (ဂန့်ဂေါမြို့နယ်ဇာတိ)၊ အမက မွေလိုက်ဝမှ မူပြဆရာမဒေါ်သီတာနှင်း (ဂန့်ဂေါမြို့နယ်ဇာတိ)၊ မူပြဆရာမဒေါ်သူ သူလင်း (ဂန့်ဂေါမြို့နယ်ဇာတိ) နှင့် မူပြဆရာ ဦးလျန်ဇထန်း (မတူပီမြို့ဇာတိ) တို့သည် နိုဝင်ဘာ ၂၇ ရက်တွင် ၎င်းတို့၏ နေရပ်အသီးသီးသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” ဟု ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းများနှင့် ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရမှ နိုဝင်ဘာ ၂၉ ရက်တွင် သတင်းထုတ် ပြန်ထားသည်။

“စစ်ဘေးရှောင်ဒုက္ခသည်မှာ ကျောင်းသားတွေ အနေနဲ့ပါလာတာ ၆၇ ယောက် ရှိပါတယ်။ မူလတန်းတွေပေါ့။ သူတို့က အခုတက်ရတဲ့ ကျောင်းဆောင်က အဆင်မပြေဘူး။ နှစ်တန်း၊ သုံးတန်းပေါင်းပြီး တစ်ခန်းဆိုပြီး နှစ်ခန်းရတယ်။ အဆင်မပြေဘူး။ နဂိုရှိတဲ့ ကျောင်းသားတွေတောင် အိမ်သာလုံလောက် မှုမရှိတော့ နောက်ရောက်လာတဲ့ ကျောင်းသားတွေနဲ့ဆို မလွယ်ဘူးပေါ့။ အဲဒီကလေးတွေမှာ Kg က ၁၉ ယောက်၊ ပထမတန်းက ၂၅ ယောက်၊ ဒုတိယတန်းက ၁၂ ယောက်၊ တတိယတန်းရှစ်ယောက်၊ စတုတ္ထတန်းက သုံးယောက် စုစုပေါင်း ၆၇ ယောက်၊ ဆရာသုံးယောက်နဲ့ အထွေထွေလုပ်သား တစ်ယောက်ရှိပါတယ်။ လောလောဆယ်မှာတော့ ရှင်းလက်ဝကျောင်းမှာ ပေါင်းတက်နေပါတယ်” ဟု စစ်ဘေးရှောင်ကျောင်းသားများ အခြေအနေကို ပလက်ဝမြို့ဒေသခံတစ်ဦး ကရှင်းလင်းပြောကြားသည်။

Most Read

Most Recent