ပြည်တွင်းမှထွက်ရှိသည့်စပါးများ ကုန်ကြမ်းအတိုင်း နယ်စပ်မှတစ်ဆင့် ပြည်ပသို့ တရားမဝင်တင်ပို့နေမှုကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် စီစဉ်နေဟုဆို

ပြည်တွင်းမှထွက်ရှိသည့်စပါးများ ကုန်ကြမ်းအတိုင်း နယ်စပ်မှတစ်ဆင့် ပြည်ပသို့ တရားမဝင်တင်ပို့နေမှုကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် စီစဉ်နေဟုဆို
Published 30 November 2017

လယ်ယာထွက်ကုန် သီးနှံများအား ပြည်တွင်း၌ လွတ်လပ်စွာရောင်းဝယ်ခွင့်ကို ခွင့်ပြုပေးထားသော်လည်း ပြည်တွင်းမှထွက်ရှိသည့် စပါးများကို ကုန်ကြမ်းအတိုင်း နယ်စပ်မှတစ်ဆင့် တရားမဝင်တင်ပို့မှုကို တရားဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“လယ်ယာထွက်ကုန်သီးနှံများအား ပြည်တွင်းတွင် လွတ်လပ်စွာဝယ်ယူခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများကို ခွင့်ပြုပေးထားသော်လည်း ပြည်တွင်းမှစပါးများကို ဝယ်ယူပြီး ကုန်ကြမ်းအတိုင်း နယ်စပ်မှတစ်ဆင့် တရားမဝင် တင်ပို့မှုကိစ္စနှင့်ပတ်သက်၍ တားဆီးဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ဝိုင်းဝန်းဆွေးနွေးပေးကြရန်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ပြည်တွင်းလုပ်ငန်းငန်းရှင်များက စပါးများအား နယ်အသီးသီးမှဝယ်ယူပြီး နယ်စပ်ဒေသမှတစ်ဆင့် တရားမဝင်တင်ပို့နေသည့် ကိစ္စနှင့်ပတ်သက်ပြီး ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်တွင် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ပြည်ပသို့ ဆန်တင်ပို့မှုအခြေအနေမှာလည်း တိုးတက်လာခဲ့ပြီး အထူးသဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့မှုမှာလည်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်မှစ၍ ပိုမိုတိုးတက်လာခဲ့ကြောင်း၊ ထို့ပြင် ယခုနှစ်မိုးစပါးပေါ်ချိန် စပါးဈေးများ ကောင်းမွန်နေသည့်အတွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ တိုက်ရိုက်ခံစား ရမည်ဖြစ်သည့်အတွက် လက်ရှိအခြေအနေကောင်းများကို ဆက်လက်ထိန်းသိမ်းကာ ဆန်စပါးကဏ္ဍကို ပိုမိုဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နိုဝင်ဘာ ၁၀ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၉ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် တစ်သန်းခန့်နှင့် နယ်စပ်မှ တန်ချိန် ကိုးသိန်းကျော် တင်ပို့နိုင်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့် ဘဏ္ဍာနှစ်မှစ၍ ပင်လယ်ရေကြောင်းမှတစ်ဆင့် ဆန်တင်ပို့မှု တိုးတက်လာကြောင်း သိရသည်။

ယခုနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ မြန်မာ့ဆန်တင်ပို့မှုအနေအထားကို လေ့လာကြည့်ပါက နိုင်ငံပေါင်း ၅၀ ကျော်ကို တင်ပို့နေခြင်းဖြစ်ပြီး အများစုမှာ တရုတ်နိုင်ငံသို့လည်းကောင်း၊ ဒုတိယအများဆုံးအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်းကောင်း တင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ဆန်တင်ပို့မှု အနေအထားကို လေ့လာကြည့်ပါက ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၄ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၂ သန်းကျော်၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၈ သန်းကျော်ဖြင့် အများဆုံးတင်ပို့ထားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၄ သန်းကျော်၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၇ သန်းကျော် တင်ပို့ခဲ့သည်။

ထို့ကြောင့် ယခုနှစ်အတွင်း တန်ချိန်နှစ်သန်းတင်ပို့ပါက ယခင်နှစ်များထက် ပိုမိုတင်ပို့ခြင်းဖြစ်ကာ ဆယ်စုနှစ်အတွင်း အများဆုံးတင်ပို့သည့်နှစ် ဖြစ်လာဖွယ်ရှိနေခြင်း ဖြစ်သည်။

Most Read

Most Recent