ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ပါတီတာဝန်နှင့် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ တောင်းခံ

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ပါတီတာဝန်နှင့် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ တောင်းခံ
Published 29 November 2017

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ပါတီတာဝန်နှင့် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ထံ နိုဝင်ဘာ ၂၇ ရက်တွင် စာဖြင့်တင်ပြတောင်းခံထားကြောင်း သတင်းရရှိသည်။

အဆိုပါတင်ပြစာတွင် ဒေါက်တာအေးမောင်က ၎င်းအနေဖြင့် RNDP (ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီ) ၏ ဥက္ကဋ္ဌ တာဝန်အားလည်းကောင်း၊ ANP (ရခိုင်အမျိုးသားပါတီ) ၏ ဥက္ကဋ္ဌတာဝန်အားလည်း ကောင်း အတတ်နိုင်ဆုံး ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် ANP အတွင်း၌ ခေါင်းဆောင်များအချင်းချင်းကြား ညီညွတ်မှုမရှိသည့်အပြင် အစည်းအဝေး အတွင်းနှင့် အစည်းအဝေးပြင်ပတွင်ပါ ခေါင်းဆောင်များ၏ တပည့်များက နည်းမျိုးစုံဖြင့် တိုက်ခိုက်ခြင်း၊ လူမှုမီဒီယာများ၌ အုပ်စုဖွဲ့ စော်ကားခြင်း၊ အထူးသဖြင့် မိမိတစ်ဦးတည်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းများကို တွေ့ရှိနေရကြောင်း ရေးသားထားသည်။

ထို့ပြင် ပါတီဆိုသည်မှာ အတွေးအခေါ် အယူအဆ ခံယူချက်တူသူများအချင်းချင်း အမျိုးသားရေးရည်မှန်းချက်များအတွက် အတူလက်တွဲကြသည့် ရဲဘော်များဖြစ်ရာ ကာလတစ်ခု၊ ခုနစ်နှစ်ခန့် ဖြတ်သန်းခဲ့ပြီးဖြစ်သော်လည်း အချင်းချင်း မိတ်ဖက်မဖြစ်ဘဲ ရန်ဖက်အသွင်သာ ရန်စောင်နေကြဆဲဖြစ်သည်ကို ဝမ်းနည်းဖွယ်တွေ့ရကြောင်းနှင့် ရခိုင်တို့ ကျွန်ဖြစ်ခဲ့ရခြင်း၏ အကြောင်းရင်းနှင့် ဖြစ်နေရဆဲ၏ ဇာစ်မြစ်သည် မညီညွတ်မှု သန္ဓေဆိုးပင်ဖြစ်သည်ဟုခံယူကြောင်း ဒေါက်တာအေးမောင်က နုတ်ထွက်စာတွင် ဖော်ပြ ထားသည်။

ထို့အတူ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ လစ်လပ်မှုနှင့် ခန့်ထားရေးဖြစ်စဉ်အတွင်း အုပ်စုကွဲများကြား ပါတီမှ ရည်ရွယ်သူ ခန့်အပ်မခံခဲ့ရမှု၊ စစ်တွေမြို့နယ်ပါတီကိစ္စ၌ ဥက္ကဋ္ဌဖြစ်သော မိမိထံ စုံစမ်းစစ်ဆေး မည့်အကြောင်း လုံး၀ အသိမပေးခဲ့ခြင်း၊ ဖြေရှင်းပုံ မမှန်ကန်ခြင်းနှင့် ယင်းဖြစ်စဉ်၏နောက်ဆက်တွဲအမှားများကြောင့် ဌာနချုပ်ရုံးစိုက်ရာ စစ်တွေမြို့နယ် ပါတီတွင်းနှင့် လူထု (ကျေး လက်၊ မြို့ပြ) ပြိုကွဲခြင်းဖြစ်တည်နေမှုများသည် ပါတီ၏ဥက္ကဋ္ဌဖြစ်သော မိမိ၌သာလုံး၀ တာဝန်အရှိဆုံးဟု ခံယူထားကြောင်း ဒေါက်တာအေးမောင်က ၎င်း၏ နုတ်ထွက်စာတွင် ရေးသားထားသည်။

သို့ဖြစ်၍ ANP အား ဦးဆောင်ကာ တာဝန်ယူရသည့် ဥက္ကဋ္ဌတာဝန်မှလည်းကောင်း၊ ပါတီဝင်တစ်ဦးအဖြစ်မှလည်းကောင်း နုတ်ထွက်ခွင့်ပြုပါရန် ပါတီဖွဲ့စည်းပုံ စည်းမျဉ်း အပိုဒ် ၆၅ အရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ နှင့် ပါတီဝင်များအားလုံးသို့ မေတ္တာရပ်ခံပန်ကြားကြောင်း နုတ်ထွက်စာတွင်ပါရှိသည်။

ဒေါက်တာအေးမောင်က နုတ်ထွက်စာတွင် ပါတီတာဝန်ရှိသူများအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကုန်ကျစရိတ် ရှင်းတမ်း (ရ/သုံး)၊ စစ်ပြေးဒုက္ခသည်များ ကူညီရေးနှင့် ရခိုင်-ဘင်္ဂါလီ ပဋိပက္ခကူညီရေး ငွေစာရင်း ရှင်းတမ်းများကို လူထုထံသို့လည်းကောင်း၊ ပါတီဝင်ထုထံသို့လည်းကောင်း အမြန်ဆုံးထုတ်ပြန်ပေးရန် အထူးမေတ္တာရပ်ခံကြောင်းလည်း ရေးသားထားသည်။

ထိုသို့ ပါတီမှနုတ်ထွက်ပြီးနောက်တွင် မပြီးဆုံးသေးသော ရခိုင်အမျိုးသားရေးတာဝန်များကိုမူ အမျိုးသားရေးဝါဒီတစ်ဦးပီပီ မိမိ၏ မိတ်ဆွေများနှင့်အတူ လက်တွဲလျက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အသက်ထက်ဆုံး ကြိုးစားဆောင်ရွက်မည်ဟု သန္နိဋ္ဌာန်ချ မှတ်ထားသည်ကို အသိပေးကြောင်းနှင့် ကတိပြုကြောင်း ဒေါက်တာအေးမောင်၏ နုတ်ထွက်စာ၌ဖော်ပြပါရှိသည်။

အဆိုပါနုတ်ထွက်စာနှင့်ပတ်သက်၍ ဒေါက်တာအေးမောင်ထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် မေးမြန်းနိုင်ခြင်းမရှိပေ။

ယင်းကဲ့သို့ ဒေါက်တာအေးမောင်၏ နုတ်ထွက်စာနှင့်ပတ်သက်၍ ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က “နုတ်ထွက်စာကို ဒီနေ့ နေ့လယ် ၁၁ နာရီလောက်မှာ ဒေါက်တာအေးမောင်ရဲ့ သားက လာပြီးပေးသွားတယ်။ အဲဒါလောက်ပဲ ပြောလို့ရပါသေးတယ်” ဟု နိုဝင်ဘာ ၂၈ ရက်က ပြောကြားသည်။

ဒေါက်တာအေးမောင်သည် ယခင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) တွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ် (၁)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

ထို့နောက် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) တို့ ဖျက်သိမ်း၍ ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ပေါင်းစည်းရာတွင်လည်း ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရသည်။

သို့ရာတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင်သည် ရခိုင်ပြည်နယ် မာန်အောင်မဲဆန္ဒနယ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအား ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့ပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်နေရာဖြစ်သည့် အမ်းမဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နေရာ ထပ်မံယှဉ်ပြိုင်ရာတွင် အနိုင်ရရှိခဲ့ပြီး လက်ရှိတွင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် တာဝန် ထမ်းဆောင်လျက်ရှိသည်။

Most Read

Most Recent