YBS (၂၂) ယာဉ်ပေါ်ရှိ ပိုက်ဆံပုံးကို ဖွင့်ဖောက်ယူသည်ဟုဆိုကာ Power Eleven ကုမ္ပဏီမှ ဒါရိုက်တာ ကိုတရုတ်လေး အပါအဝင် ငါးဦးအား ယာဉ်ပိုင်ရှင်က အမှုဖွင့်

YBS (၂၂) ယာဉ်ပေါ်ရှိ ပိုက်ဆံပုံးကို ဖွင့်ဖောက်ယူသည်ဟုဆိုကာ Power Eleven ကုမ္ပဏီမှ ဒါရိုက်တာ ကိုတရုတ်လေး အပါအဝင် ငါးဦးအား ယာဉ်ပိုင်ရှင်က အမှုဖွင့်
Published 29 November 2017

YBS ၂၂ ယာဉ်ပေါ်ရှိ ပိုက်ဆံပုံးကို ဖွင့်ဖောက် ယူသည်ဟုဆိုကာ Power Eleven ကုမ္ပဏီမှ ကိုတရုတ်လေး အပါအဝင် ငါးဦးအား အမှုဖွင့်ထားကြောင်း တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ယင်းဖြစ်စဉ်မှာ နိုဝင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပိုင်ရှင်မှ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း၊ ပိုက်ဆံပုံး အဖောက်ခံရသည့် ယာဉ်ပိုင်ရှင်က အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီမှ ဦးအောင်ဆန်းက ပြောကြားသည်။

“အမှုဖွင့်တာက ပိုက်ဆံပုံးဖောက်တဲ့ ကိစ္စနဲ့ ဖွင့်ထားတာဖြစ်တယ်။ ကျွန်တော်ဖွင့်တာတော့ မဟုတ်ဘူး။ ယာဉ်ပိုင်ရှင်က ၃၈၄/၁၁၄၊ ပ ၈၁၇/၂၀၁၇ နဲ့ ဖွင့်ထားတာ ဖြစ်တယ်။ သော့မတောင်းဘဲနဲ့ ပုံးကိုရိုက်ဖွင့်ပြီးတော့ ပိုက်ဆံကိုယူသွားတဲ့ကိစ္စဖြစ်တယ်။ အဲဒီကားတွေအကုန်လုံးက ကျွန်တော့်ရဲ့ ကုမ္ပဏီမှာ ရှယ်ယာဝင်ထားတာဖြစ်တယ်။ တစ်စီးပဲ ဖောက်သွားတယ်။ ရိုက်မယ် ပုတ်မယ်ဖြစ်တော့မှ သူတို့က နောက်ဆုတ်သွားတယ်။ လူဦးရေ ၂၀ ခန့်ရှိတယ်။ တက်ပြီး ဖောက်တာက ငါးယောက်တဲ့၊ တရုတ်လေး က ဖောက်ဆိုပြီးပြောတဲ့အတွက် ဖောက်ယူသွားတာ” ဟု ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီမှ ဦးအောင်ဆန်းက ပြောကြားသည်။

ယခုကဲ့သို့ဆောင်ရွက်မှုများသည် ဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုအတိုင်း အလုပ်လုပ်ခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ ၈ ရက်တွင် YBS ၂၂ ယာဉ်လိုင်းကို လွှဲပြောင်းတာဝန်ပေးခဲ့ကြောင်း၊ ထို့ကြောင့် နိုဝင်ဘာ ၉ ရက်နှင့် ၁၂ ရက်တွင် မူလအဖွဲ့အစည်းများကို ယာဉ်၏ အချက်အလက်၊ ယာဉ်ပိုင်ရှင်၏ အချက်အလက် လွှဲပြောင်းရေး၊ ငွေစာရင်းဌာနများ လွှဲပြောင်းရေးအတွက် ညှိနှိုင်းခဲ့ကြောင်း၊ ညှိနှိုင်းမှုမှာ အဆင်မပြေခဲ့ကြောင်း Power Eleven ကုမ္ပဏီမှ ကိုတရုတ်လေး၏ ပြောကြားချက်အရ သိရသည်။

“သော့တွေက မရဘူးဆိုတော့ သော့တွေကိုလဲဖို့ အဲဒီသော့တွေကို ရိုက်ဖျက်တယ်။ ရိုက်ဖျက်တဲ့အချိန်မှာ ငွေသိမ်းတဲ့အချိန်မှာလည်း ယာဉ်မောင်းတဲ့သူရှိတယ်။ သိမ်းသွားတဲ့ ငွေကို ငွေစာရင်းဌာနကို သွားအပ်တဲ့အချိန်မှာ ငွေတွေကိုအပ်တဲ့အချိန်မှာ ယာဉ်မောင်းသူပါတယ်။ ငွေစစ်တဲ့ ဝန်ထမ်းပါတယ်။ ယာဉ်မောင်းသူကိုယ်တိုင် ဘယ်လောက်ရတယ်ဆိုတာကို လက်မှတ်ထိုးရတယ်။ အဲဒီငွေသိမ်းပြီး မကြာခင်မှာ ပိုင်ရှင် ကိုယ်စားလှယ်အဖွဲ့ ရောက်လာတယ်။ ဘာကြောင့် ဒီကားကိုဖြတ်တာလည်းဆိုပြီး ပြောတယ်။ ကျွန်တော်တို့ကို ကိုယ်ထိလက်ရောက်လုပ်တယ်။ ခြိမ်းခြောက်တယ်။ ကျွန်တော်တို့ကလည်း အစိုးရရုံးက ထုတ်ပေးတဲ့ ညွှန် ကြားစာကို ထုတ်ပြတယ်။ ဒီမှာစာရှိတယ်။ သူတို့က လက်မခံဘူး။ အဲဒါကြောင့် ဝန်ကြီးဆီ လှမ်းဆက်လိုက်တယ်။ ဝန်ကြီးက လုံခြုံရေးတွေ လွှတ်ပေးလိုက်တယ်။ နောက်နေ့မှာ သူတို့က အုပ်စုဖွဲ့လုယက်တယ်ဆိုပြီး အမှု သွားဖွင့်တယ်။ အမှုဖွင့်ထားတာ ကျွန်တော် အပါအဝင် ဦးရေ ၂၀ ဆိုပြီး ဖွင့်ထားတယ်။ တကယ်တမ်းငွေသိမ်းတာက သုံးယောက်လောက်ပဲ ရှိတာ”ဟု Power Eleven ကုမ္ပဏီမှ ဒါရိုက်တာ ကိုတရုတ်လေးက ပြောကြားသည်။

ဝန်ဆောင်မှုမပေးနိုင်ခြင်း၊ တိုင်ကြားစာများပြားခြင်း၊ ယာဉ်လုပ်သားများ ယာဉ်စည်းကမ်း ချိုးဖောက်ခြင်း၊ YRTA ၏ ခွင့်ပြု ချက်မရှိဘဲ ယာဉ်သစ်များ တိုးချဲ့ခြင်းနှင့် ခရီးစဉ်အသစ်များ တိုးချဲ့ပြေးဆွဲခြင်းတို့ကြောင့် ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီအား Bus Operator  အဖြစ်မှ ရုပ်သိမ်းရန် YRTA က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent