မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်မှ မြန်မာနှင့်ထိုင်းနိုင်ငံသားများသာ ဖြတ်သန်းသွားလာခွင့်ရှိပြီး ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်ကို အဓိကအသုံးပြုလျက်ရှိကြောင်း သိရ

မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်မှ မြန်မာနှင့်ထိုင်းနိုင်ငံသားများသာ ဖြတ်သန်းသွားလာခွင့်ရှိပြီး ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်ကို အဓိကအသုံးပြုလျက်ရှိကြောင်း သိရ
Published 29 November 2017

မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်ကို တွေ့ရစဉ်

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သော မောတောင် - ဆင်းခွန်နယ်စပ်ဂိတ်မှ မြန်မာနှင့် ထိုင်းနိုင်ငံသားများသာ ဖြတ်သန်းသွားလာခွင့်ရှိနေသေးပြီး ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်ကိုသာ အဓိက အသုံးပြုသွားလာလျက်ရှိကြောင်း သိရသည်။

မောတောင်-ဆင်းခွန်ဂိတ်မှာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နယ်စပ်ဂိတ်သုံးခု အနက်တစ်ခုတည်းသာ ရှိတော့သော အထူးယာယီနယ်စပ်ဂိတ်တစ်ခုဖြစ်နေကြောင်း သိရသည်။

ထားဝယ်ခရိုင်အတွင်းရှိ ထီးခီး-ကန်ချ နာဘူရီနယ်စပ်ဂိတ်၊ ကော့သောင်းခရိုင် အတွင်းရှိ ကော့သောင်း-ရနှောင်း နယ်စပ်ဂိတ်များအမြဲတမ်းဂိတ်အဖြစ် ဖွင့်လှစ်ထားနိုင်သော်လည်း မြိတ်ခရိုင်အတွင်းရှိ မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်မှာ အထူးယာ ယီနယ်စပ်ဂိတ်အဖြစ်သာ တည်ရှိနေသေးကြောင်း သိရသည်။ အမြဲတမ်းဂိတ်မဖွင့်နိုင်သေးသည့်အတွက် နယ်စပ်ဂိတ်မှ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ခွင့်မရှိသလို လူဝင်လူထွက်များကိုလည်း ကန့်သတ်မှုများရှိနေကြောင်း သိရသည်။

“မောတောင်မြို့ကနေ တစ်ဖက်ထိုင်းနိုင်ငံ၊ ဆင်းခွန်ဂိတ်ကိုနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် BP နှင့် မြန်မာနိုင်ငံသားတွေ သွားလာတာ ၃၈၂၀ ရှိပါတယ်။ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် TBP ဆိုရင် ၅၂၅၂၀ဦး ရှိပါတယ်။ တစ်ဖက်ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို လာရောက်လည်ပတ်တဲ့ ထိုင်းနိုင်ငံသားတွေက BP နဲ့ဆိုရင် ၉၀၉ ဦး၊ TBP နဲ့ဆိုရင် ၅၃၅၂ ဦးရှိပါတယ်။ ယခင်နှစ်နဲ့ တွက်ကြည့်ရင် လည်ပတ်သွားလာမှု တိုးတက်လာတယ်လို့ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းပန်းဆက်သွယ်မှု   က အရင်ထက်ကောင်းမွန်လာလို့ပါ။ မောတောင်-ဆင်းခွန် နယ်စပ်ဂိတ်က အမြဲတမ်းဂိတ်မဟုတ်ဘဲ အထူးယာယီနယ်စပ်ဂိတ်အဆင့်မှာ ရှိနေသေးတဲ့အတွက် မြန်မာနဲ့ထိုင်း နိုင်ငံသားနှစ်မျိုးပဲ သွားလာဖြတ်သန်းခွင့် ရှိပါတယ်” ဟု မောတောင်မြို့ လဝကမှူး ဦးအောင်ထွန်းမြင့်က ပြောကြားသည်။

အထူးယာယီနယ်စပ်ဂိတ် အဖြစ်သာရှိသေးသည့်အတွက် တတိယနိုင်ငံသားများမှာ ဝင်ထွက်လည်ပတ်ခွင့် မရှိသေးကြောင်း သိရသည်။ မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားများမှာ နယ်စပ်မှဖြတ်သန်းရာတွင် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် TBP ကိုသာ အဓိက အသုံးပြုသွားလာနေကြောင်း သိရသည်။ မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လည်ပတ်ရာတွင် သုံးညအိပ်လေးရက်ခရီးကို ရရှိပြီး ပရာကျော့ ခီရီခံခရိုင်အတွင်းသာ လည်ပတ်ခွင့်ရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံသားများ အနေဖြင့်မူ မြန်မာနယ်စပ်ဂိတ်မှာ အမြဲတမ်းဖွင့်လှစ်ထားသည့်အတွက် မြိတ်ခရိုင်အတွင်း လာရောက်လည်ပတ်ရာတွင် ၁၃ ညအိပ် ၁၄ ရက် ခရီးလည်ပတ်ခွင့်ရရှိနေကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ်ဂိတ်ဖြစ်သော ဆင်းခွန်-ဂိတ်ကို အမြဲတမ်းဖွင့်လှစ်ရန်အတွက် ထိုင်းနိုင်ငံမှ ဆောင်ရွက်နေရာတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး၏ လက်မှတ်တစ်ခု လိုအပ်နေကြောင်း သိရသည်။

လက်ရှိအနေအထားတွင် မြန်မာနိုင်ငံသားများအနေဖြင့် ပရာကျော့ခရိုင်အတွင်းရှိ ငါးပြတိုက်၊ ကမ်းခြေနှင့်မျောက်တောင်များသို့သာ အဓိကသွားရောက်လည်ပတ်နေရသလို ကုန်သွယ်မှုများမှာလည်း ကန့်သတ်ထားကြောင်း သိရသည်။

Most Read

Most Recent