မန္တလေး-ညောင်ဦး ရေလမ်းကြောင်းအား Speed Boat နှစ်စင်းဖြင့် စစ်ဆေးတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ရေလမ်းကြောင်းပြမြေပုံထုတ်မည်

မန္တလေး-ညောင်ဦး ရေလမ်းကြောင်းအား Speed Boat နှစ်စင်းဖြင့် စစ်ဆေးတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ရေလမ်းကြောင်းပြမြေပုံထုတ်မည်
Published 28 November 2017

ရေကြောင်းတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်မည့် ရေယာဉ်နှစ်စင်းအား တွေ့ရစဉ်

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် မန္တလေး- ညောင်ဦး ရေလမ်းကြောင်းအား Speed Boat နှစ်စင်းဖြင့် စစ်ဆေးတိုင်းတာရေး လုပ်ငန်းများဆောင်ရွက်ကာ ရေလမ်းကြောင်းပြမြေပုံ ထုတ်သွားမည်ဖြစ်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။

မန္တလေးနှင့်ညောင်ဦးအကြား ကီလိုမီတာ ၂၀၀ တွင် ရေလမ်းကြောင်းစစ်ဆေးရေးနှင့် တိုင်းတာရေးဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လုပ်ငန်းသုံး Speed Boat  နှစ်စီးဝယ်ယူထားကာ လက်ရှိတွင် မန္တလေးဆိပ်ကမ်း၌ထားရှိကာ လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

“ရည်ရွယ်တာက ရေလမ်းကြောင်းစစ်ဆေးရေးတွေ လုပ်ဖို့ ဝယ်ယူထားတာပါ။ အဓိက,ကတော့ မန္တလေး - ညောင်ဦး ရေလမ်း ကြောင်း ကီလိုမီတာ ၂၀၀ အတွင်းမှာ ရေ လမ်းကြောင်းကြပ်တည်းတဲ့နေရာတွေ စစ်ဆေးဖို့နဲ့ နောက်တစ်ခုက နေ့မြင်ညမြင် ရေ လမ်းကြောင်းပြအမှတ်အသားတွေချတော့မှာ ဖြစ်တဲ့အတွက် နေရာမချခင်ကြိုတင်လေ့လာရေးတွေ ဆောင်ရွက်နိုင်အောင်ရယ် ပစ္စည်းတွေ လုံခြုံရေးအတွက် လှည့်လည်စစ်ဆေးမှုတွေ ဆောင်ရွက်နိုင်အောင် ရည်ရွယ်ပါတယ်။  ဝယ်ယူတာ သုံးစင်းဖြစ်ပြီး ရေကြောင်းတိုင်းတာရေးအတွက် မန္တလေး ဆိပ်ကမ်းမှာ နှစ်စင်းထားပြီးဆောင်ရွက်သွားမှာပါ။ တိုင်းတာစစ်ဆေးရေးတွေလုပ်ပြီးရင် လက်ရှိရေလမ်းကြောင်းအရ ဘယ်နားမှာ သောင်ရှိတယ်၊ ဘယ်နားမှာ ရေအောက်ကျောက်ရှိတယ်ဆိုတာတွေကို မြေပုံထုတ်ပြီး မော်တော်ဆလင်တွေကို ဝေငှပေးသွားမယ်” ဟု ရေအရင်း မြစ်နှင့်မြစ်ချောင်းများ ဖွံ့တိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က ပြောကြားသည်။

တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရေအနက်တိုင်းကိရိယာများနှင့် ဂျီပီအက်စ်စနစ်များအပြင် ဆော့ဖ်ဝဲများအဆင့်မြှင့်ခြင်း ဆောင်ရွက်ပြီး တိုင်းတာရေးဝန်ထမ်းများအား စာတွေ့လက်တွေ့သင်ကြားကာ တိုင်းတာရေး လုပ်ဆောင်နေကြောင်း၊ ရရှိသည့်နောက်ဆုံးအချက်အလက်များဖြင့် ရေကြောင်းပြ မြေပုံရေးဆွဲကာ ပြုပြင်ရေးများ အဆင့်မြှင့် တင်ရေးများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent