ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ဝင် မော်လမြိုင် မြန်မာပထမနှစ်ခြင်း ဘုရားကျောင်းကို World Monuments Fun ဖြင့် ရှေးမူမပျက် ပြင်ဆင်မှု ၂၅ ရာခိုင်နှုန်းပြီးစီး

ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ဝင် မော်လမြိုင် မြန်မာပထမနှစ်ခြင်း ဘုရားကျောင်းကို World Monuments Fun ဖြင့် ရှေးမူမပျက် ပြင်ဆင်မှု ၂၅ ရာခိုင်နှုန်းပြီးစီး
Published 28 November 2017

သမိုင်းဝင် မော်လမြိုင် မြန်မာပထမနှစ်ခြင်းဘုရားကျောင်းအား တွေ့ရစဉ်

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်သမိုင်းဝင် မော်လမြိုင် မြန်မာပထမနှစ်ခြင်း ဘုရားကျောင်းကို World Monuments Fun ဒေါ်လာ ၁၂၅၀၀ ဖြင့် ပြင်ဆင်မှုပြုလုပ်ရာ၊၂၅ ရာခိုင်နှုန်းပြီးစီး၍  နှစ် ၁၉၀ ပြည့် အသင်းတော်မွေးနေ့ကို ဒီဇင်ဘာ ၈၊ ၉၊ ၁၀ ရက်တွင် ကျင်းပပြီး ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း၊ သိက္ခာတော်ရ ဆရာဦးကြည်ရှိန်က ပြောကြားသည်။

“ပြင်ဆင်မှု ပြီးစီးမှုတွေက အဆောက်အအုံနောက်ပိုင်း ပလ္လင်နောက်ပိုင်း၊ ဆုတောင်းခန်း၊ ကျည်းဘောင်၊ သံပန်း၊ အပေါ်စလက်ပြား၊ ခြေဆင်းအုတ်ခုံတို့ကို ဒေသထွက် ကျောက်သင်ပုံးကျောက်၊ သက်ရင့်ကျွန်းသုံးပြီး ရှေးလက်ရာမပျက် ပြုပြင်ထားတယ်။ ပြင်ဆင်မှုကို မန္တလေး ရွှေကျောင်းပြုပြင်ရေး တာဝန်ခံ Jefferey Allen (Program Director)ကတာဝန်ယူကြီးကြပ်ပါတယ်။ ကွန်ကရစ်ကိုလည်း ဘိလပ်မြေမပေါ်ခင်ကအတိုင်း ဒေသထွက်နှပ် ထုံး၊ သဲတို့ကို အရင်အတိုင်း ဖြစ်အောင် စမ်းသပ်သုံးစွဲထားပါတယ်။ မူလ အရောင်ကိုလည်း ခေတ်ပေါ်သင်္ဘောဆေး မသုံးဘူး။ အရင်သုံးတဲ့ ဘိုင်ဒါကိုပဲသုတ်ထားပါတယ်။ ပြင်ဆင်မှုက ၂၅ ရာခိုင်နှုန်းလောက် ပြီးနေပါပြီး။ ကျန်တာကို ဒီကျောင်းတော်ရဲ့ နှစ် ၁၉၀ ပြည့်ပွဲတော်အပြီးမှာ ဆက်လုပ်ပါ မယ်” ဟု ဦးကြည်ရှိန်က ပြောကြားသည်။

ဒီဇင်ဘာ ၈၊ ၉၊ ၁၀ ရက်တွင် နှစ် ၁၉၀ မြောက် အသင်းတော်မွေးနေ့ကို ပထမမြန်မာ နှစ်ခြင်းကျောင်းတွင် ကျင်းပရန်ရှိပြီး မိတ်ဆွေဓမ္မအသင်းတော်များ၊ အဝေးရောက် အသင်းဝင်များ ပါဝင်တက်ရောက်ကာ၊ စည်ကားစွာ ကျင်းပရန် စီစဉ်ထားရှိကြောင်း သိရသည်။

မော်လမြိုင် ပထမနှစ်ခြင်းအသင်းတော်ကို အမေရိကန်သာသနာ့အမှုဆောင် ဆရာယုဒဿန်က ၁၈၂၇ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး အဆောက်အအုံ တည်ဆောက်စဉ်က ဒေသသုံး သယံဇာတနှင့် အနောက်တိုင်း/ မွန်ရိုးရာ ဗိသုကာလက်ရာတို့ကို ပညာသားပါပါ ပေါင်းစပ် တည်ဆောက်ထားမှုအတိုင်း၊ ရှေးမူမပျက် ပြင်ဆင်နိုင်ရန် ပြည်ပ / ပြည်တွင်းပညာရှင်များ ပူးပေါင်း၍ သမိုင်းအထောက်ထားများ၊ မြေပြင်အခြေနေတို့ကို နမူနာယူ စမ်းသပ်မှုတို့ကို သုတေသနပြုလုပ်ကာ၊ ၂၀၁၆ ခုနှစ်မှ စတင်ပြင်ဆင်၍ နှစ်နှစ်အချိန်ယူကာ ရှေးမူမပျက် လုပ်ဆောင်နေကြောင်း သိရသည်။

Most Read

Most Recent