ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာခြင်းကြောင့် ရန်ကုန်လွှတ်တော်ကျင်းပမည့်ရက် ရွှေ့ဆိုင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာခြင်းကြောင့် ရန်ကုန်လွှတ်တော်ကျင်းပမည့်ရက် ရွှေ့ဆိုင်း
Published 28 November 2017

ပုပ်ရဟန်းမင်းကြီးဖရန်စစ် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့အား နိုဝင်ဘာ ၂၇ ရက်တွင်ပြုလုပ်မည်ဖြစ်သော်လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အဆိုပါနေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာသဖြင့် လွှတ်တော်ကျင်းပမည့် ရက်အား နိုဝင်ဘာ ၃၀ ရက်သို့ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကို ပုပ်ရဟန်းမင်းကြီး ခရီးစဉ်ရှိတဲ့အတွက်ကြောင့် လွှတ်တော်ကျင်းပမယ့်ရက် ရွှေ့လိုက်တာကို တစ်ရက်ကြို ပြောတယ်။ အမှန်တကယ်တော့ ပုပ်ရဟန်းမင်းကြီး လာတာနဲ့ လွှတ်တော်ကျင်းပမယ့်ရက် ရွှေ့ဆိုင်းလိုက်တာ ဘာမှတော့မဆိုင်ဘူး။ လုပ်ငန်းလုပ်ရတာ နှောင့်နှေးတာပေါ့။ အဲဒီကိစ္စကို လွှတ်တော်ဥက္ကဋ္ဌကိုမေးတော့ ဥက္ကဋ္ဌကလည်း ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုဖို့ဆိုပြီး ပြောတယ်။ တကယ်ဆိုရင် ရက်ရွှေ့စရာကို မလိုဘူး” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်၏ ဖိတ်ကြားချက်အရ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ လေးရက်ကြာခရီးစဉ်အဖြစ် လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နိုဝင်ဘာ ၂၈ ရက်တွင် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ကာ ညနေ ၃ နာရီတွင် နေပြည်တော် လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး ကက်သလစ်ဘာသာဝင်များက ကြိုဆိုနှုတ်ဆက်မည်ဖြစ်ကြောင်း၊ ထို့နောက် နိုင်ငံတော် သမ္မတအိမ်တော်တွင် ဂုဏ်ပြုတပ်ဖွဲ့က ကြိုဆိုဂုဏ်ပြုမည်ဖြစ်ပြီး သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။

လက်ရှိကျင်းပနေသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အား သြဂုတ်လတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြို့ကွက်ကျမြေပုံအရ တရားဝင်သတ်မှတ်ထားသော ရေကန်၊ ရေစုကန်များနှင့် မြေပုံတွင် မပါရှိသော်လည်း ရေစစ်ကန်၊ ရေစုကန် အဖြစ်တည်ရှိနေသော ရေကန်များကို မြေဖို့ ၍ အဆောက်အအုံများ ဆောက်လုပ်ခြင်းများကို လုံးဝခွင့်မပြုပါရန်နှင့် ကောနေသော သဘာဝကန်၊ ရေစုကန်များ၊ မြေပုံတွင်မပါသော်လည်း ရေစစ်ကန်၊ ရေစုကန်အဖြစ် တည်ရှိခဲ့သော ရေကန်နေရာများကို ပြန် လည်ဖော်ထုတ်ပေးရန် အဆိုနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင် အဆောက်အအုံ နှင့် မြေကွက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူထားကြပြီး ယနေ့အထိ လုပ်ငန်းလုပ်ကိုင် အကောင်အထည်ဖော်ဆောင်ခြင်း မရှိသော စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိသည့် နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များအား နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းဆည်းရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ တိုက်တွန်းကြောင်း အဆိုများကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်း ဆွေးနွေးလျက်ရှိသည်။

Most Read

Most Recent