ယာယီရပ်နားထားသည့် Asian Wings လေကြောင်းလိုင်း ပုံမှန်ခရီးစဉ်များ ပြန်လည်ပျံသန်း

ယာယီရပ်နားထားသည့် Asian Wings လေကြောင်းလိုင်း ပုံမှန်ခရီးစဉ်များ ပြန်လည်ပျံသန်း
Published 28 November 2017

Asian Wings လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းအား တွေ့ရစဉ် (Photo: Asian Wings Facebook)

ယာယီ ရပ်နားထားသည့် Asian Wings လေကြောင်းလိုင်းမှ နိုဝင်ဘာ ၂၇ ရက်မှ စတင်ကာ ပုံမှန်ခရီးစဉ်များ ပြန်လည်ပျံသန်းခဲ့ကြောင်း ယင်းလေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျွန်မတို့ လေယာဉ်ကို ပြင်ဆင်ပြီးဖြစ်လို့ နိုဝင်ဘာ ၂၇ ရက်ကစပြီး ပုံမှန်ခရီးစဉ်တွေ ပြန်လည် ပျံသန်းနေပါပြီ။ နိုဝင်ဘာ ၂၇ ရက်မှာ ညောင်ဦး၊ မန္တလေးနဲ့ ဟဲဟိုးခရီးစဉ်တွေကို နေ့စဉ် စတင်ပျံသန်းနေပါပြီ” ဟု Asian Wings လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံရှိ ပြည်တွင်း လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Asian Wings လေကြောင်းလိုင်းသည် နိုဝင်ဘာ ၁၆ ရက်မှ စတင်ကာ ခရီးစဉ်များ ပျံသန်းခြင်းအား ယာယီ ရပ်နားခဲ့သည်။ ယင်းကဲ့သို့ ရပ်နားရခြင်းမှာ Asian Wings လေကြောင်းလိုင်းပိုင် ATR 72 လေယာဉ်မှာ ပြင်ဆင်မှုပြုလုပ်ရန် ရှိသဖြင့် ခရီးစဉ်ပျံသန်းခြင်းအား ယာယီရပ်နားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Asian Wings လေကြောင်းလိုင်းသည် ၂၀၁၁ ခုနှစ်မှ စတင်ကာ ATR 72 လေယာဉ် ဖြင့် မုံရွာ၊ ဟုမ္မလင်း၊ မန္တလေး၊ လားရှိုး၊ မြစ်ကြီးနား၊ ဗန်းမော်၊ ဟဲဟိုး၊ ညောင်ဦး၊ ကျောက်ဖြူ၊ ကျိုင်းတုံ၊ တာချီလိတ် စသည့်မြို့များသို့ ခရီးစဉ်များ ပျံသန်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် Asian Wings လေကြောင်းလိုင်းသည် နေ့စဉ် ညောင်ဦး၊ မန္တလေးနှင့် ဟဲဟိုးမြို့များသို့ လည်းကောင်း၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် လားရှိုးနှင့် တာချီလိတ်မြို့များသို့ လည်းကောင်း၊ အင်္ဂါနှင့် ကြာသပတေးနေ့များတွင် ကျောက်ဖြူမြို့သို့ လည်းကောင်း ခရီးစဉ်များ ပျံသန်းနေပြီဖြစ်ကြောင်း သိရသည်။

လေယာဉ်စင်းရေ နည်းပါးခြင်းနှင့် လေကြောင်းလိုင်းများ ကိုယ်တိုင် အရှုံးပေါ်ခြင်းကြောင့် ခရီးစဉ်ပျံသန်းနိုင်ခြင်း မရှိသဖြင့် Air Mandalay နှင့် Apex လေကြောင်းလိုင်း နှစ်ခုမှာ ခရီးစဉ်ပျံသန်းခြင်းအား ယာယီရပ်နားထားကြောင်း သိရသည်။ Apex လေ ကြောင်းလိုင်းသည် ၂၀၁၅ ခုနှစ်က ATR 72-600 လေယာဉ်တစ်စင်းဖြင့် ရန်ကုန်-ထားဝယ်၊ မြိတ်၊ ကော့သောင်းခရီးစဉ်များကို ပျံသန်းခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၇ ရက်မှ စတင်ကာ ခရီးစဉ်ပျံသန်းခြင်း မရှိကြောင်း သိရသည်။ အဆိုပါ လေယာဉ်မှာ ငှားရမ်း ပျံသန်းခဲ့ခြင်းဖြစ်ပြီး ငှားရမ်းသည့် သက်တမ်းကုန်ဆုံးသဖြင့် ငှားရမ်းသည့် ကုမ္ပဏီအား ပြန်လည်အပ်နှံလိုက်ခြင်းကြောင့် ခရီးစဉ်ပျံသန်းခြင်းအား ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးဖြင့် ခရီးစဉ်ပြန်လည် ပျံသန်းနိုင်ရန် စီစဉ်လျက်ရှိသည်။

Air Mandalay လေကြောင်းလိုင်းမှာ ၂၀၁၀ ခုနှစ်က လေယာဉ်နှစ်စီးဖြင့် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ သံတွဲ၊ ကော့သောင်း၊ တာချီလိတ်၊ စစ်တွေနှင့် မြိတ်ခရီးစဉ်တို့ကို ပျံသန်းခဲ့ပြီး ၂၀၁၇ စက်တင်ဘာ ၂၉ ရက်က ခရီးစဉ်ပျံသန်းခြင်း မရှိကြောင်း သိရသည်။
လက်ရှိတွင် လေယာဉ်နှစ်စီး ထပ်မံအားဖြည့်ကာ ခရီးစဉ်ပျံသန်းရန် စီစဉ်နေကြောင်း သိရသည်။

လေကြောင်းလိုင်းအများစု အရှုံးပေါ်နေခြင်းနှင့် ယှဉ်ပြိုင်မှု ပြင်းထန်နေခြင်းတို့ကြောင့် လေကြောင်းလိုင်းသစ် တည်ထောင် ပျံသန်းခြင်းအား ခွင့်ပြုခြင်း မရှိသေးကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယခု လဆန်းပိုင်းတွင်လည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းအသီးသီးမှ တာဝန်ရှိသူများတွေ့ဆုံခဲ့ကာ မြန်မာ့လေကြောင်းလောက ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent