ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ရာနှုန်းပြည့်နိုင်ငံခြားသားပိုင်ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်နေခြင်းကြောင့် နိုင်ငံသားအကျိုးစီးပွားနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနေသဖြင့် Joint Venture စနစ် ခွင့်ပြုပေးရန် တင်ပြ

ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ရာနှုန်းပြည့်နိုင်ငံခြားသားပိုင်ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်နေခြင်းကြောင့် နိုင်ငံသားအကျိုးစီးပွားနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနေသဖြင့် Joint Venture စနစ် ခွင့်ပြုပေးရန် တင်ပြ
Published 28 November 2017

ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်

ရေကြောင်းဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ရာနှုန်းပြည့်နိုင်ငံခြားသားပိုင် ကုမ္ပဏီများက ဝင်ရောက်လုပ်ကိုင်နေခြင်းကြောင့် နိုင်ငံသားအကျိုးစီးပွားနှင့်  အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနေ ကြောင်း မြန်မာကုန်သွယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးစန်းခိုင်လှက  ပြောကြားသည်။

ယင်းကဲ့သို့  ရေကြောင်းဖြင့် သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများကို ရာနှုန်းပြည့်နိုင်ငံခြားသားပိုင်ကုမ္ပဏီများက ဝင်ရောက်လုပ်ကိုင်နေခြင်းကြောင့် နိုင်ငံသားအကျိုးစီးပွားနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနေသဖြင့် Joint Venture စနစ်အား ချမှတ်ခွင့်ပြုပေးပြီး လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ပေးပါရန် ဒုသမ္မတသို့ တင်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ (International Shipping Practices) နှင့် ကိုက်ညီမှုမရှိသဖြင့် နိုင်ငံခြားလုပ်ငန်းရှင်များနှင့် ဆက်ဆံရာတွင် အခက်အခဲဖြစ်နေရာ နိုင်ငံတကာ လုပ်ထုံးများနှင့် ချိန်ညှိရန်၊ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းကောက်ခံနေသည့် Port Tariff သည် နိုင်ငံတကာတွင် အများဆုံးဖြစ်နေခြင်းကြောင့် မြန်မာလုပ်ငန်းများ နိုင်ငံတကာ ဈေးကွက်အတွင်း ယှဉ်ပြိုင်ရာတွင် တားဖြစ်နေသဖြင့်နိုင်ငံတကာတွင် လုပ်ကိုင်နေသည့်နှုန်းထားများနှင့် ကိုက်ညီမှုရှိအောင် ပြန်လည်ပြင်ဆင်ပေးပါရန်  မြန်မာကုန်သွယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးစန်းခိုင်လှက တင်ပြခဲ့သည်။

ရေကြောင်းမှ ကုန်စည်စီးဆင်းနိုင်ပါက   စရိတ်သက်သာနိုင်မည်ဖြစ်သည့်အတွက်  ရန်ကုန်တိုင်းဒေသကြီးနှင့် ဆိပ်ကမ်းများကို   အခြေပြုပြီး ရေကြောင်းဖြင့် တစ်နိုင်ငံလုံးသို့  ကုန်စည်သယ်ယူပို့ဆောင်နိုင်ရေး ဆွေးနွေး လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“သင်္ဘောနဲ့ မြန်မာတစ်နိုင်ငံလုံးကို  ကုန်စည်တွေ ဖြန့်ကြက်နိုင်မယ်ဆိုရင် စရိတ်က  အများကြီး သက်သာသွားနိုင်စရာရှိပါတယ်။ ဒါကြောင့်မို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကနေ ကုန်စည်ကို ရေကြောင်းနဲ့ ဆောင်ရွက်နိုင်ဖို့ ရန်ကုန်တိုင်းကို အခြေပြုပြီး ဆိပ်ကမ်းတွေကနေ အခြေပြုပြီး သင်္ဘောတွေဟာ အမြို့မြို့အနယ်နယ်ကို ထွက်နေတရှိတယ်။ ဧရာဝတီတိုင်းကို ထွက်နေတာရှိတယ်။ အထက်မြန်မာပြည်ကို ထွက်နေတာရှိတယ်။ ကမ်းရိုးတန်းတစ်ကြောကို ထွက်နေတာရှိတယ်။ ဒီသင်္ဘောရဲ့ ဝန်ဆောင်မှုကို ပိုပြီးတော့ စနစ်ကျအောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် Logistics နဲ့ပတ်သက်တဲ့ ဈေးနှုန်းတွေ သက်သာနိုင်စရာ ရှိပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်ဆိပ်ကမ်းကို သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းဖြစ်စေရန်အတွက် ပင်လယ်ဝဘက်အထိ တိုးမြှင့်ရွှေ့ပြောင်းနိုင်ရေး လေ့လာဆန်းစစ်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆိပ်ကမ်းကိုးခုရှိသည့် အနက် ရန်ကုန်ဆိပ်ကမ်းမှာ ကုန်စည် ရာခိုင်နှုန်း ၉၀ ကို  ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ရန်ကုန်ဆိပ်ကမ်းကို ပိုပြီးအဆင့်မြှင့်တင်ရန်  စဉ်းစားရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent