ပုပ်ရဟန်းမင်းကြီးဖရန်စစ် မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိမည်ဖြစ်ပြီး ကျိုက္ကဆံကွင်း၌ပြုလုပ်မည့် ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်ရန် လူထုတစ်သိန်းခွဲခန့်ရှိကြောင်း ကနဦးစာရင်းများအရ သိရ

ပုပ်ရဟန်းမင်းကြီးဖရန်စစ် မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိမည်ဖြစ်ပြီး ကျိုက္ကဆံကွင်း၌ပြုလုပ်မည့် ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်ရန် လူထုတစ်သိန်းခွဲခန့်ရှိကြောင်း ကနဦးစာရင်းများအရ သိရ
Published 27 November 2017

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကက်သလစ်ဘာသာဝင်များနှင့်တွေ့ဆုံ၍ ဆုတောင်းပွဲပြုလုပ်မည့် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံကွင်းတွင် ပြင်ဆင်မှုများပြုလုပ်နေသည်ကို နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ကျော်ဇင်ဖြိုး)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာ နိုင်ငံသို့ နိုဝင်ဘာ ၂၇ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး မြန်မာပြည်ခရီးစဉ်မှာ ထိုနေ့မှ နိုဝင်ဘာ ၃၀ ရက်အထိ လေးရက်တာ ကြာမြင့်မည်ဖြစ်သည်။

မြန်မာပြည်ခရီးစဉ်၌ နိုဝင်ဘာ ၂၉ ရက်တွင် ကျိုက္ကဆံကွင်းအတွင်း ပြုလုပ်မည့်  ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်ရန် စာရင်း ပေးထားသူ လူထုတစ်သိန်းခွဲခန့်ရှိပြီဖြစ်ကြောင်း ဆူးလေရှန်ဂရီလာဟိုတယ်တွင် နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်သည့် မီဒီယာများ နှင့် တွေ့ဆုံပွဲတွင် ဖာသာစိုးနိုင်က ပြောကြားသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းတွေကနဲ့ဆိုရင် ကျွန်တော့်တို့ဆီမှာ တစ်သိန်းကျော်လောက် စာရင်းသွင်းထားပြီးပြီ။ နောက်ဆုံးရယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ နောက်ဆုံးမှာ စိတ်အားထက်သန်ပြီး ဝင်လာရင်ကို စဉ်းစားပြီးတော့ သူတို့မှာ ဘုန်းကြီးအသိတွေရှိမယ်။ အဲဒီဘုန်းကြီးတွေရဲ့ ထောက်ခံချက်နဲ့ ဝင်ခွင့်ကတ်တွေ ပြန်ပြီးမှ ထုတ်ပေးနေသေးတယ်။ ၂၉ ရက် ပွဲမတိုင်ခင်အထိ လုပ်ပေးနေမယ်။ အခု တစ်သိန်းငါးသောင်းကို ကျော်နေပါပြီ” မြန်မာ  နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် လူထုဆက်ဆံရေးကော်မရှင် ဒါရိုက်တာ ဖာသာစိုးနိုင်က ပြောကြားသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်တွင် နိုင်ငံတော် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ဆူးလေရှန်ဂရီလာဟိုတယ်တွင် နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲကို တွေ့ရစဉ်

“ပထမဆုံးအနေနဲ့ သမ္မတကြီးနဲ့တွေ့ မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မယ်။ နောက်ဆုံးမှာ တရားဝင် ကျွန်တော်တို့မသိထားဘဲ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ထွက်လာတာ ဗိုလ်ချုပ်မှူးကြီးနဲ့တွေ့မယ်လို့ သတင်းထွက်ပါတယ်” ဟု ဖာသာစိုးနိုင်က ပြောကြားသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး ဗိုလ်တထောင်မြို့နယ်၊သိမ်ဖြူလမ်းရှိ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလစ်စ်ဘို၏ အိမ်သို့ သွားရောက်မည်ဖြစ်ကာ လမ်းတစ်လျှောက် နေရာခြောက်နေရာတွင် ကက်သလစ်ဘာသာဝင်များနှင့် ပြည်သူများက ကြိုဆိုကြမည် ဖြစ်သည်။

အဆိုပါနေရာများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် VIP ပေါက်နေရာ၊ ကိုးမိုင် အိုးရှင်းစင်တာအနီး၊ ခုနစ်မိုင် အေဒီမှတ်တိုင်အနီး၊  အင်းလျားကန်ပေါင် တံတားဖြူမှတ်တိုင်အနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ ပြည်လမ်းနေရာနှင့် ဟီတာချီ တာဝါရှေ့မှဂိုဏ်းချုပ်ဆရာတော်နေအိမ်အထိ နေရာတို့ဖြစ်သည်။

Most Read

Most Recent