မန္တလေးတက္ကသိုလ် မြန်မာစာ ဒုတိယနှစ်စာမေးပွဲတွင် ဂုဏ်ထူးတန်းဝင်သူ မရှိသောကြောင့် စိစစ်ပေးရန်တောင်းဆိုပြီးနောက် မြန်မာစာဌာနမှူးကို နေရာပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေရန် စာထွက်

မန္တလေးတက္ကသိုလ် မြန်မာစာ ဒုတိယနှစ်စာမေးပွဲတွင် ဂုဏ်ထူးတန်းဝင်သူ မရှိသောကြောင့် စိစစ်ပေးရန်တောင်းဆိုပြီးနောက် မြန်မာစာဌာနမှူးကို နေရာပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေရန် စာထွက်
Published 26 November 2017

မန္တလေးတက္ကသိုလ် မြန်မာစာဒုတိယနှစ် အတန်းတင်စာမေးပွဲတွင် ဂုဏ်ထူးတန်းဝင်သူ တစ်ယောက်မျှ မရှိခဲ့ခြင်းကြောင့် သက်ဆိုင်ရာ ဌာနမှ ဆရာ၊ ဆရာမများအား ပြန်လည်စိစစ်ပေးရန် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တောင်းဆိုပြီးနောက် မြန်မာစာဌာနမှူး ဒေါက်တာချိုချိုတင့်ကို ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရန် စာထွက်ခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာတွင် ကျင်းပခဲ့သည့် မန္တလေးတက္ကသိုလ် ၂၀၁၆- ၂၀၁၇ ပညာသင်နှစ် အတန်းတင်စာမေးပွဲ၌ မြန်မာစာဒုတိယနှစ်တန်းတွင် ၄၉ ဦး ဖြေဆိုရာ နှစ်ဦးကျရှုံးခဲ့ပြီး ဂုဏ်ထူးတန်းဝင်သူ တစ်ဦးမျှမရှိခဲ့ခြင်းနှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ်ကျောင်း သားများသမဂ္ဂက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင် သက်ဆိုင်ရာဌာန အသီးသီးသို့ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

“တက္ကသိုလ်ဝင်တန်းအမှတ်၊ မြန်မာစာအမှတ် မြင့်မားသော မျိုးဆက်သစ် မြန်မာစာ ကျောင်းသား၊ ကျောင်းသူများအားလုံး အဆင့်မီသည်ဟု မပါဝင်ဘဲ ထုတ်ပြန်ထားသော အောင်စာရင်းသည် မှန်ကန်သည်ဟု လက်မခံနိုင်ကြောင်း၊ ယုံကြည်ဖွယ် မရှိသော အောင်စာရင်းအတွက် စာမေးပွဲအဖြေလွှာများကို ပညာရေးဝန်ကြီးဌာနမှ ကြီးကြပ်၍ အခြားအငြိမ်းစား မြန်မာစာပါမောက္ခများမှဖြစ်စေ၊ အခြားတက္ကသိုလ် မြန်မာစာ ဌာနများမှဖြစ်စေ ပြန်လည်စိစစ်ပေးရန်နှင့် အောင်စာရင်းမှန်ကန်ပါက ကျောင်းသား၊ ကျောင်းသူတစ်ဦးတစ်ယောက်မျှ ဂုဏ်ထူးတန်း တက်ရောက်နိုင်ရန်အတွက် အဆင့်မီ၊ အရည်သွေးမီ သင်ကြားပြုစုပျိုးထောင်ရန် တာဝန်ပျက်ကွက်ခဲ့သော  မန္တလေးတက္ကသိုလ် မြန်မာစာဌာန အုပ်ချုပ်ရေးအဖွဲ့ဝင်များအားလုံးကို လိုအပ်သလို စိစစ် အရေးယူပေးပါရန်”ဟုဆိုကာ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ၁၆-၁၁-၂၀၁၇ နေ့စွဲဖြင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် ဌာနအသီးသီးသို့ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့တောင်းဆိုပြီးနောက် ၂၂-၁၁-၂၀၁၇ တွင် မြန်မာစာဌာနမှူး ဒေါက်တာ ချိုချိုတင့်ကို မန္တလေးတက္ကသိုလ်မှ မန္တလေး အဝေးသင်တက္ကသိုလ်သို့ ပြောင်းရွှေ့မိန့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂုဏ်ထူးတန်း ကျောင်းသူကျောင်းသား ထွက်ပေါ်ခြင်းမရှိသည်နှင့်ပတ်သက်၍ တိုင်ကြားခံရပြီးနောက် နေရာပြောင်းလဲတာဝန် ထမ်းဆောင်ရန် အမိန့်စာထွက်ခံခဲ့ရသည့် မန္တလေးတက္ကသိုလ် မြန်မာစာဌာနမှူး ဒေါက်တာချိုချိုတင့်ကို ဆက်သွယ်မေးမြန်းရာ “ဒုတိယနှစ်နဲ့ စတုတ္ထနှစ်မှာ ဂုဏ်ထူးတန်း တက်ခွင့်ရဖို့ ရွေးချယ်ရပါတယ်။ ဒါပေမဲ့ ဂုဏ်ထူးတန်းတစ်ယောက်မှ အမှတ်မမီတဲ့အတွက် ဂုဏ်ထူးတန်းဝင်ဖို့ရာ အမှတ် ၇၀၊ ၇၁ တွေကို တိုးပေးဖို့ ပါမောက္ခချုပ်တွေထံ တင်ပြခဲ့ပါတယ်။ နောက်ဆုံး အစည်းအဝေး ဆုံးဖြတ်ချက် အရရော၊ ဒုပါချုပ် ညွှန်ကြားချက်အရရော သူ့နဂိုအမှတ်အတိုင်း ထားရှိဖို့ပဲ ပြောကြားတဲ့အတွက် အမှတ်မတိုးပေးခဲ့ရပါဘူး။ ဒါကြောင့် ဒုတိယနှစ်မှာ ဘယ်သူမှ ဂုဏ်ထူးတန်း မဝင်ခဲ့ရခြင်း ဖြစ်ပါတယ်။ အခုလို ကျောင်းသားသမဂ္ဂကနေ သက်ဆိုင်ရာကို အဆင့်ဆင့်တိုင်ကြားပြီး ရက်ပိုင်းအတွင်း ကျွန်မကို နေရာအပြောင်း အရွှေ့လုပ်လိုက်ပါတယ်။ တကယ်တမ်း ဒီစာတွေကိုစစ်တာ ပါမောက္ခနဲ့ ဒုပါမောက္ခတွေပါ။ ကျွန်မက ဌာနမှူးအနေနဲ့ စိစစ်ရရုံပါ။ ကျွန်မ ကျိုင်းတုံကနေ မန္တလေးတက္ကသိုလ်ကို ပြောင်းလာတာ တစ်နှစ်မပြည့်သေးပါဘူး။ ဒီ မန္တလေး တက္ကသိုလ်မှာတင် ၂၅ နှစ်လောက် တာဝန်ထမ်းနေတဲ့သူတွေတောင် မပြောင်းရဘဲ ကျွန်မပြောင်းရွှေ့ခံရတာ ဒီစာကြောင့်ပါပဲ။ သူတို့ တိုင်ကြားလို့စိစစ်ပြီးမှ အရေးယူတယ်ဆိုရင် ကျွန်မ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ လုံးဝစိစစ်ခြင်း မရှိပါဘဲ ဒီ ပညာရေးတစ်ဖွဲ့လုံးထဲမှာ ကျွန်မတစ်ဦးတည်းကိုပဲ နေရာပြောင်းရွှေ့လိုက်တာဟာ ကျွန်မအတွက် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အများကြီး ထိခိုက်နစ်နာပါတယ်” ဟု  ပြောကြားသည်။

ထိုပြောင်းရွှေ့ရန် အမိန့်စာထွက်ခြင်း နှင့် ပတ်သက်၍ ဒေါက်တာချိုချိုတင့်က နိုင်ငံတော်သမ္မတထံ စာပို့တင်ပြထားကြောင်း သိရသည်။