ပုပ္ပားတောင်မကြီးနှင့် အနီးဝန်းကျင်ကို Unesco Global Geopark ဖြစ်ရေး လက်ရှိအစိုးရလက်ထက်အတွင်း အပြီးဆောင်ရွက်ရန် ကြိုးပမ်းမည်ဟုဆို

ပုပ္ပားတောင်မကြီးနှင့် အနီးဝန်းကျင်ကို Unesco Global Geopark ဖြစ်ရေး လက်ရှိအစိုးရလက်ထက်အတွင်း အပြီးဆောင်ရွက်ရန် ကြိုးပမ်းမည်ဟုဆို
Published 26 November 2017

ပုပ္ပားတောင်ဝန်းကျင်တွင် အင်ကြင်း ကျောက်ဖြစ် ရုပ်ကြွင်းများ တူးဖော်တွေ့ရှိသည့်မြင်ကွင်းကို ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ပုပ္ပားတောင် ချစ်သူများအသင်း)

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်မကြီးနှင့်အနီး ဝန်းကျင်ကို Unesco Global Geopark ဖြစ်ရေးအတွက် လက်ရှိတွင် အချက်အလက်များ ကောက်ယူစုဆောင်းနေပြီး လက်ရှိအစိုးရ လက်ထက်အတွင်း အပြီးဆောင်ရွက်ရန် ကြိုးပမ်းမည်ဟု ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဘူမိဗေဒပညာရှင် ဦးသန်းထွန်းက ပြောကြားသည်။

ပုပ္ပားတောင် ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ ဖြစ်မြောက်ရေးကော်မတီကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာန၊ သတ္တုတွင်းဝန်ကြီးဌာနတို့ဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းဆောင်ရွက်ခြင်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှစ၍ ဆောင်ရွက်နေကြောင်း သိရသည်။

“၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်က လုပ်ငန်းတွေ စတယ်။ ကွင်းဆင်းလေ့လာရင်းပေါ့။ အချက်အလက်တွေ ကောက်တာ၊ စုဆောင်းတာပေါ့။ ကမ္ဘာလှည့်ခရီးသွားတွေ သို့မဟုတ် လေ့လာသူတွေ ကြည့်ရှုနိုင်မယ့် ဘူမိပြကွက်တွေ ဥပမာ ကျောက်တောင်တွေ၊ ကျောက်အမျိုးအစားတွေ၊ ကျောက်ဖြစ်ရုပ်ကြွင်း အကောင်တွေရဲ့အရိုးတွေ စသဖြင့် အဲဒါတွေ လောလောဆယ် ၁၁၀ လောက် ရတယ်။ နေရာပေါင်း၊ လုပ်ကွက်ပေါင်း ၁၁၀ လောက်ရှိတယ်။ မပြီးသေးဘူး။ နောက်ထပ် လုပ်ရဦးမှာ။ အနည်းဆုံး တစ်နှစ်လောက်တော့ ကြာဦးမယ်။ အချက်အလက်တွေ ကောက်ဦးမှာ အများကြီး။ ကျွန်တော် ထင်တယ် အနည်းဆုံး ၂၅၀ လောက်အထိ ရနိုင်တယ်။ လုပ်ကွက်၊ ပြကွက်တွေ ခေါ်တာပေါ့နော်။ နိုင်ငံခြားသားတွေ ကြည့်လို့ရမယ့်နေရာ အဲဒါတွေ လုပ်ရဦးမယ်။ အနည်းဆုံး သုံး၊ လေးနှစ်လောက်လုပ်ပြီးမှ Unesco တင်လို့ရမှာ။ ဒီအစိုးရလက်ထက်မှာ ပြီးအောင်ကြိုးစားဖို့ ကျွန်တော်တို့ လုံးပန်းထားတယ်။ သို့သော် ရန်ပုံငွေတွေ ရှာရဦးမယ်။ လောလောဆယ် ဘတ်ဂျက်ကလည်း မတွက်ရသေးဘူး။  ဘာလို့လဲဆိုတော့ လုပ်ငန်းပမာဏက မသိသေးဘူးလေ” ဟု ပုပ္ပားတောင် ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ ဖြစ်မြောက် ရေးကော်မတီဥက္ကဋ္ဌ ဘူမိဗေဒပညာရှင် ဦးသန်းထွန်းက ပြောကြားသည်။

ပုပ္ပားတောင်ဒေသအတွင်းမှ ဘူမိဗေဒ နှင့် ပတ်သက်သည့် ကျောက်တောင်များ၊ ကျောက်အမျိုးအစားများ၊ ကျောက်ဖြစ်ရုပ်ကြွင်း၊ သစ်ပင်ကြီးများ၊ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေသည့် တိရစ္ဆာန်များ၏ မေးရိုးများ၊ သွား များအပြင် ရှေးခေတ်ဓလေ့ရိုးရာ အသုံးအဆောင်ပစ္စည်းများ၊ ဆေးဖက်ဝင် အပင်မျိုးစုံ စသည်တို့ တွေ့ရှိမှတ်တမ်းတင်ထားကြောင်း၊ မျိုးဆက်သစ်လူငယ်များ သုတေသနပြုလုပ်နိုင်ရန်အတွက် ရှာဖွေတွေ့ရှိသည့် ကျောက်ဖြစ်ရုပ်ကြွင်းများကို သုတေသန အဆောက်အအုံတစ်ခုနှင့် ပြသသွားရန် သဘာဝပြတိုက်တစ်ခုကိုပါ တည်ဆောက်သွားရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားသည်။

“တစ်ဝက်တောင် မပြီးသေးဘူး။နောက်ထပ် အများကြီးကျန်သေးတယ်။ သစ်ပင်တွေ ပေ ၆၀ x ၇၅ သစ်ပင်တွေ၊ ၁၁၅ ပေအထိ ရှည်တဲ့သစ်ပင်တွေ တွေ့ပြီးပြီ။ အဲဒါတွေကို အမိုးအကာအောက် ရောက်အောင် ပြင်ဆင်နေတယ်။ သစ်တောဦးစီးဌာနနဲ့ ညှိနှိုင်းပြီးတော့ အမိုးအကာလေးတွေနဲ့လုပ်ဖို့၊ နောက်ပြီးတော့ ရှေးဟောင်းဆင်တွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ တွေ့ပြီး အဲဒီနားပတ်ဝန်းကျင်မှာ တိုးချဲ့ပြီး အသေးစိတ်ရှာဖွေဖို့ အစီအစဉ်တွေလည်း ရှိတယ်”ဟု ပုပ္ပားတောင် ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာ စခန်းသာဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောကြားသည်။

“ပုပ္ပားတောင်ကို Unesco Global Geopark ဖြစ်ဖို့အတွက် မြန်မာနိုင်ငံ ဘူမိဗေဒအသင်းချုပ်နဲ့ပူးပေါင်းပြီး ဆောင်ရွက် နေတာလေးရှိပါတယ်။ မြန်မာနိုင်ငံ ဘူမိဗေဒအသင်းချုပ်ကနေ ကျွန်တော်တို့ဆီကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ လာရောက်ဆက်သွယ်ပြီးတော့ ပုပ္ပားတောင်ကို Unesco Global Geopark ဖြစ်ဖို့ရာအတွက် သူတို့ ပြောဆိုပါတယ်။ Unesco Global Geopark ဖြစ်မယ်ဆိုရင် ဒေသခံတွေအတွက် လူမှုစီးပွားမြင့်တက်လာမယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိလာမယ်ဆိုတဲ့အကြောင်းကို မြန်မာနိုင်ငံ ဘူမိဗေဒအဖွဲ့ကနေ ကျွန်တော်တို့ကို ရှင်းပြတယ်။ ကျွန်တော်တို့က သူတို့နဲ့ပူးပေါင်းပြီး ဒေသခံတွေကို စည်းရုံးတယ်။ စည်းရုံးလှုံ့ဆော်တဲ့အပိုင်းတွေ လုပ်ပြီးတဲ့အခါမှာ ဘူမိဗေဒအသင်းက ဆရာတွေနဲ့ ကျွန်တော်တို့ ပုပ္ပားတောင်ဝန်းကျင်မှာ လိုက်ပြီးတော့ နေရာတွေသတ်မှတ်တယ်။ မီးတောင် ချော်ပြာနေရာတွေ၊ ပြတ်ရွေ့ကြောနေရာတွေ၊ မီးတောင်ချော်မြှုပ်တွေ ထွက်တဲ့နေရာတွေ၊ ပုပ္ပားတောင်မှာရှိတဲ့ ရေထွက်တွေကို ကျွန်တော်တို့ လေ့လာတယ်။ တိုင်းတာတယ်။ ရေအရင်းအမြစ်တွေကို ကျွန်တော်တို့ စစ်တမ်း ကောက်တယ်” ဟု ပုပ္ပားတောင်ချစ်သူများ အသင်းအတွင်းရေးမှူး ကိုမင်းဆန်းက ပြောကြားသည်။

 

Most Read

Most Recent