<

ဆောက်လုပ်ရေးဝန်ကြီးဌာန Public Works Department (၁၃၁) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားပြုလုပ်

Public Works Department (၁၃၁) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ကျင်းပစဉ်

ဆောက်လုပ်ရေးဝန်ကြီးဌာန Public Works Department (၁၃၁) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးထင်ကျော် တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မများ အေးအတူပူအမျှ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအားလုံး အထူးသဖြင့် ဝေးလံခေါင်ပါးတဲ့အရပ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုများရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာဖို့၊ လူတန်းစေ့နေနိုင်ဖို့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်းတွေတံတားတွေ ကောင်းမွန်ဖို့လိုအပ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအချင်းချင်း အပြန်အလှန် ကူးသန်းဆက်ဆံမှုတွေ တိုးတက်များပြားလာတာနဲ့အမျှ တိုင်းရင်းသားညီအစ်ကိုများအားလုံး ချစ်ကြည်ရင်းနှီးမှုပိုမိုကြမှာဖြစ်ပြီးတော့ လူမှုစီးပွားဘ၀တွေလည်း တိုးတက်လာမှာဖြစ်ပါတယ်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်း၊ တံတား၊ မြို့ပြအိမ်ရာ စသည့် ပြည်သူ့အကျိုးပြု ဆောက်လုပ်ရေးလုပ်ငန်းများကို Public Works Department P.W.D မှစ၍ ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ၁၃၁ နှစ်ပြည့်ပြီဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများဆောင်ရွက်သည့် ၀န်ထမ်းများ ပိုမိုကြိုးစားလုပ်ကိုင်ရန် အခမ်းအနားကို ဂုဏ်ပြုကျင်းပခြင်းဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများယုံကြည်မှုရှိရန် မြန်ကောင်း သက်သာလုံခြုံစိတ်ချဟူသော ဆောင်ပုဒ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

“အရည်အသွေးစံချိန်စံညွန်းပြည့်မီစွာ ဆောင်ရွက်နိုင်ဖို့၊ အင်ဂျင်နီယာကဏ္ဍရဲ့ ပြောင်းလဲမှုဖြစ်စဉ်များတွင် တစ်ပါတည်းလိုက်ပါနိုင်ဖို့၊ အင်ဂျင်နီယာနည်းပညာပိုင်း တိုးတက်မှု၊ သုတေသနပိုင်း၊ တီထွင်မှုအပိုင်းများလည်း တိုးတက်အောင်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံကနေ အားကိုးအားထားပြုရာ၊ နည်းပညာဖွံ့ဖြိုးတိုးတက်နေတဲ့ ၀န်ကြီးဌာနကြီးတစ်ခုအဖြစ် ရပ်တည်နေမှသာ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲသော ၀န်ကြီးဌာနကြီးတစ်ခုဖြစ်မှာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်နိုင်ဖို့ အခုကတည်းကပဲ အိုင်တီကိုအခြေခံသော အင်ဂျင်နီယာပိုင်းကို တိုးတက်ပြောင်းလဲအောင် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

အဆိုပါ (၁၃၁) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၀န်ကြီးဌာနပြခန်းများ၊ ကုမ္ပဏီပြခန်းများ ဖွင့်လှစ်ခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ အငြိမ့်စတိတ်ရှိုး ကပြဖျော်ဖြေခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

November 25, 2017














Copy Protected by Chetan's WP-Copyprotect.