မူလလက်ငုတ်နေထိုင်သူများကို ကျူးကျော်ဝင်ရောက်သည်ဟုဆိုကာ ဦးပိုင်ကုမ္ပဏီလီမိတက်မှ ဖမ်းဆီးတရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ ထောင်ကျခံနေရသူများ၏ မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်

မူလလက်ငုတ်နေထိုင်သူများကို ကျူးကျော်ဝင်ရောက်သည်ဟုဆိုကာ ဦးပိုင်ကုမ္ပဏီလီမိတက်မှ ဖမ်းဆီးတရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ ထောင်ကျခံနေရသူများ၏ မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်
Published 26 November 2017

ထောင်ကျခံနေရသည့် လယ်သမားများ၏ မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်

မူလလက်ငုတ်နေထိုင်သူများကို ကျူးကျော်ဝင်ရောက်သည်ဟုဆိုကာ ဦးပိုင်ကုမ္ပဏီလီမိတက်မှ ဖမ်းဆီးတရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ ထောင်ကျခံနေရသူများ၏ မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲကို မန္တလေးမြို့ MR.88 Cafe တွင် နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (ဈ) ရပ်ကွက် ယာတော်ပတ္တာကွင်းတွင် မြေလုပ်ကိုင်သူ ဦးတောအမည်ဖြင့် နှစ်ပေါင်း ၂၀ ခန့် သီးနှံစိုက်ပျိုးခဲ့ကြောင်း၊ ရေခွန်၊ မြေခွန်၊ သီးနှံခွန်နှင့် ကျေးရွာထောက်ခံချက်များရှိကြောင်း၊ ၂၀၁၇ ခုနှစ်မေတွင် မြန်မာ့စီးပွားရေး ဦးပိုင်အမည်ခံကုမ္ပဏီမှ ပုဒ်မ ၄၄၇ ဖြင့် ဦးတော၏သားကြီး ဦးသိန်းထိုက်နှင့် ခြံစောင့် ဒေါ်ခင်မာခိုင်တို့ကို စတင်တရားစွဲဆိုခဲ့ကြောင်း၊ နိုဝင်ဘာ ၁၆ ရက်တွင် ဦးပိုင်ကုမ္ပဏီလီမိတက်မှ ၎င်းခြံမြေအတွင်း ဝင်ရောက်နေထိုင်မှုကြောင့် ဦးသိန်းထိုက်နှင့်မိသားစုဝင်များက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဦးသိန်းထိုက်အပါအဝင် မိသားစုဝင်ကိုးဦးအား ၁၁၄၊ ၄၅၂၊ ၄၂၇၊ ၃၄၁၊ ၅၀၆ တို့ဖြင့် တရားစွဲဆိုကာ ဖမ်းဆီးခဲ့ကြောင်း၊ ယခုအခါ အိုးဘိုအကျဉ်းထောင်တွင် ရောက်ရှိနေကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်သူများက ဆိုသည်။

“မြို့နယ်မှာ ၄၄၇ နဲ့ တရားစွဲတာခံရပြီး ခရိုင်မှာကျတော့ မြေလက်ရောက်ရလိုမှုနဲ့ တရားစွဲခံထားရပါတယ်။ တရားစွဲဆိုနေစဉ်ကာလအတွင်း လူအင်အား၊ လက်နက်အင်အားနဲ့ လာရောက်တာကိုလည်း ကြုံတွေ့ရတယ်လို့ ဘကြီးက ပြောပါတယ်။ ၂၀၁၄ ခုနှစ်ခြောက်လပိုင်းမှာ ထုတ်ထားတဲ့ဂရန်အရ ဦးလွင်နိုင်ဝေလို့ သိရပါတယ်။ ကိုးလပိုင်း ၁ ရက်နေ့မှာ ခြံထဲကိုအတင်းဝင်လာခဲ့ပြီး ၁၀ လပိုင်း ၁၆ ရက်နေ့မှာ နောက်ထပ်တစ်ကြိမ် ထပ်မံဝင်ရောက်တယ်လို့ သိရပါတယ်။ ဆန္ဒထုတ်ဖော်ပွဲလုပ်တဲ့အခါ ၂ နာရီခွဲလောက်အချိန်မှာ ရဲကားတွေနဲ့ ခြံရှေ့မှာ အားလုံးဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ ဆန္ဒထုတ်ဖော်လို့ ဖမ်းတာလား၊ ဒီထဲနေလို့ဖမ်းတာလား ကျွန်မတို့လည်းမသိရဘူး။ အိုးဘိုထောင်မှာ မိသားစုဝင်တွေ၊ မွေးချင်းတွေ ထောင်ဝင်စာသွားတွေ့တဲ့အခါမှာလည်း သူတို့လည်း ယနေ့အချိန်အထိ ဘာလို့အဖမ်းခံရလဲဆိုတာ ရေရေရာရာအဖြေမပေါ်သေးပါဘူး” ဟု ဦးသိန်းထိုက်၏တူမ မိချိုက ပြောကြားသည်။

“သူတို့က အုတ်တံတိုင်း အခုခတ်နေကြတယ်။ အုတ်တံတိုင်းခတ်နေတာကိုလည်း ရပ်စေချင်တယ်။ ကျွန်တော်တို့မိဘတွေကိုလည်း အမြန်ဆုံးလွတ်စေချင်တယ်။ ကျွန်တော်တို့ သက်ဆိုင်ရာဌာနတွေလည်း စာသွားတင်တယ်။ ဒါပေမဲ့ တိုင်စာကိုလက်မခံကြဘူး။ သုံးရက်လောက်ရှိပြီ။ အမြဲငြင်းလွှတ်တယ်။ အခုလည်း ငြင်းလွှတ်လိုက်တယ်။ ကျွန်တော်ကတော့ အချုပ်ခံထားရသူတွေ အမြန်ဆုံးလွတ်မြောက်စေချင်တယ်။ မိဘတွေလည်း အသက်ကြီးပြီ။ ဒါက ကိုယ့်မြေဆိုတာလည်း ပေါ်လွင်တယ်။ မှန်ကန်တယ်။ သက်သေလည်းပြနိုင်တယ်။ အထောက်အထားတွေလည်းရှိတဲ့အတွက် မိဘတွေကို အမြန်ဆုံးလွတ်စေချင်တယ်။ စာလည်းတင်မရ၊ တိုင်ကြားမှုလည်းလက်မခံ။ အဲဒီလိုဖြစ်နေပါတယ်” ဟု ဖမ်းဆီးခံထားရသည့် ဦးသိန်းထိုက်၏သားကြီး ကိုသန်းစိုးက ပြောကြားသည်။

Most Read

Most Recent