ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ချက်ချင်းဆောင်ရွက်နေသော်လည်း တိုင်းရင်းသားများ၏ ပြင်းထန်သည့် စိတ်ခံစားမှုများအရ UN, INGOs များထံမှ အထောက်အပံ့အကူအညီများကို လက်မခံနိုင်သည့် အခက်အခဲများ ရင်ဆိုင်နေရဟုဆို

ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ချက်ချင်းဆောင်ရွက်နေသော်လည်း တိုင်းရင်းသားများ၏ ပြင်းထန်သည့် စိတ်ခံစားမှုများအရ UN, INGOs များထံမှ အထောက်အပံ့အကူအညီများကို လက်မခံနိုင်သည့် အခက်အခဲများ ရင်ဆိုင်နေရဟုဆို
Published 26 November 2017

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာလာသော ရခိုင်တိုင်းရင်းသားများအား ဘူးသီးတောင်မြို့နယ် ကယ်ဆယ်ရေးစခန်းတစ်ခုတွင် စက်တင်ဘာလဆန်းပိုင်းက တွေ့ရစဉ်

ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ချက်ချင်းဆောင်ရွက်သော်လည်း တိုင်းရင်းသားများ၏ ပြင်းထန်သည့် စိတ်ခံစားမှုများအရ UN, INGOs များထံမှ အထောက်အပံ့အကူအညီများကို လက်မခံနိုင်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း နိုဝင်ဘာ ၂၄ ရက်ကပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီလေးခုဖြင့် ဆောင်ရွက်ခဲ့ရာ တွေ့ရှိချက်များ၊ အတွေ့အကြုံများအရ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံး၏ အရေးကိစ္စဖြစ်သလို ကမ္ဘာက ပါဝင်ပတ်သက်မှုရှိလာသည့် အရေးကိစ္စတစ်ခုဖြစ်လာကြောင်း တွေ့ရှိလာရပြီး ထိုအရေးကိစ္စများ ဖြေရှင်းရာတွင် မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ တစ်နှစ်ကြာ လေ့လာတွေ့ရှိ သုံးသပ်ဖော်ထုတ်ချက်များအရ ထွက်ပေါ်လာသည့် အကြံပြုချက်များအနက် မိမိနိုင်ငံနှင့် ပြည်သူများအတွက်အကျိုးရှိစေပြီး ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့်အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရခိုင်ဒေသတွင် မှီတင်းနေထိုင်ကြသူများ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်များ၊ နေရပ်စွန့်ခွာခဲ့ရသည်များ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည်များ ရှိခဲ့ကြောင်း၊ အစိုးရအနေဖြင့် လူသားချင်းစာနာမှု အကူအညီများကို ချက်ချင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် အားလုံးအပေါ် ပြည့်ပြည့်စုံစုံဖြင့် လွှမ်းခြုံနိုင်ရန်ခက်ခဲကြောင်း၊ ရေရှည်ဖြစ်တည်ခဲ့သည့် တိုင်းရင်းသားများ၏ ပြင်းထန်သည့် စိတ်ခံစားမှုများအရ UN, INGOs များထံမှ အထောက်အပံ့အကူအညီများ လက်မခံနိုင်သည်ကို မိမိတို့ရင်ဆိုင်လာရကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းအင်အားကိုစုစည်း၍ ရခိုင်ဒေသအရေးကိစ္စများ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု စီမံကိန်းတစ်ခုဖြစ်သည့် Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ UEHRD ၏လုပ်ငန်းများသည် အစိုးရတစ်ခုတည်း၏ ဆောင်ရွက်ချက်မဟုတ်ဘဲ ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သည့် ပြည်ထောင်စုစီမံကိန်းလုပ်ငန်းဖြစ်ကြောင်း၊ ပါဝင်ဆောင်ရွက်သူများနှင့် ဆောင်ရွက်မည့်ပုံစံများလည်း ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

Most Read

Most Recent