မင်္ဂလာတောင်ညွန့်မြို့နယ် လူစည်ကားရာနေရာတွင် အမျိုးသားတစ်ဦး သံတုတ်ကိုင်ဆောင် ရမ်းကားပြီး ပြည်သူများထံမှ ငွေတောင်းယူမှုဖြစ်ပွား

မင်္ဂလာတောင်ညွန့်မြို့နယ် လူစည်ကားရာနေရာတွင် အမျိုးသားတစ်ဦး သံတုတ်ကိုင်ဆောင် ရမ်းကားပြီး ပြည်သူများထံမှ ငွေတောင်းယူမှုဖြစ်ပွား
Published 25 November 2017

မင်္ဂလာတောင်ညွန့်မြို့နယ် လူစည်ကားရာနေရာတွင် အမျိုးသားတစ်ဦး သံတုတ်ကိုင်ဆောင် ရမ်းကားပြီး ပြည်သူများထံမှ ငွေတောင်းယူမှု နိုဝင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက် မဟာသုခလမ်း၌ သံတုတ်ကိုင်ဆောင်ပြီး လူများထံမှ ငွေတောင်းနေသူအား ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးထားကြောင်း သတင်းအရ သက်ဆိုင်ရာရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ အဆိုပါအမျိုးသားမှာ အသက် ၄၀ ခန့်ရှိပြီး ၎င်းမှာ သံတုတ်ကိုင်ဆောင်ပြီး ရပ်ကွက်အတွင်းရှိ အိမ်တစ်အိမ်ချင်းဆီထံ ခြောက်လှန့်ကာ ငွေတောင်းခံခဲ့ကြောင်း၊ ထို့ပြင် တိုက်အပေါ်ထပ်များကိုလည်း ငွေပစ်ချပေးရန် အော်ဟစ်ပြောဆိုပြီး ငွေပစ်မချပါက သံတုတ်ဖြင့် တက်ရိုက်မည်ဟု ခြိမ်းခြောက်ငွေ တောင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြုမူနေသဖြင့် အဆိုပါအမျိုးသားအား အနီးရှိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပြီး ကြိုးဖြင့် ချုပ်နှောင်ခဲ့ကြောင်း သိရသည်။

သံတုတ်ဖြင့် ရမ်းကားငွေတောင်းသည့် အမျိုးသားအား ဝင်ရောက်ဖမ်းဆီးသည့် ရပ်ကွက်နေ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

“သူကိုင်တဲ့ သံတုတ်က ထီးအကြီးကြီးတွေမှာမိုးတဲ့ အရိုးသံပိုက်ပုံစံပါ။ သူ့ကို ဝင်ဖမ်းတဲ့လူ နှစ်ဦးလည်း ဒဏ်ရာရတယ်။ နောက် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ စခန်းမှာတော့ ဆက်လက် စစ်ဆေးစရာရှိတာ စစ်ဆေးနေပါတယ်”ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထိုသို့ သံတုတ်ကိုင် ရမ်းကား ငွေတောင်းသည့် အမျိုးသားမှာ စိတ်အခြေအနေ ပုံမှန်မရှိသူ တစ်ဦးဖြစ်ပြီး ယခင်ကလည်း ဤသို့ပင် နှစ်ကြိမ်ခန့် လုပ်ဖူးကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်မှ သံတုတ်ကိုင် ရမ်းကားသူအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent