YBS ယာဉ်မောင်းအချင်းချင်း စကားများရန်ဖြစ်ရာမှ တုတ်ကိုင်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်သော ယာဉ်မောင်းကို ရာသက်ပန်ထုတ်ပယ်

YBS ယာဉ်မောင်းအချင်းချင်း စကားများရန်ဖြစ်ရာမှ တုတ်ကိုင်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်သော ယာဉ်မောင်းကို ရာသက်ပန်ထုတ်ပယ်
Published 25 November 2017

YBS ယာဉ်မောင်းအချင်းချင်း စကားများရန်ဖြစ်ရာမှ တုတ်ချောင်းကိုင်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်သော ယာဉ်မောင်းကို ယာဉ်မောင်းတာဝန်မှ ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း YBS ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် ရာသက်ပန်ထုတ်ပယ်ခံထားရသော ယာဉ်မောင်းအား တခြားယာဉ်လိုင်းသို့ မောင်းခွင့်မရှိကြောင်း လက်ခံသောယာဉ်လိုင်းအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ လက်နက်တုတ်ချောင်းမပါသော ယာဉ်မောင်းနောက်တစ်ဦအား သုံးလအရေးယူပြီး ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

လူမှုကွန်ရက်စာမျက်နှာမှ တိုင်ကြားမှုများတွင် လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ စကားများရန်ဖြစ်ခြင်း၊ ခရီးစဉ်ဂိတ်ဆုံးအထိ မောင်းနှင်းခြင်းမပြုခြင်း၊ မချေမငံ့ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခြင်း စသည့် စည်းကမ်းဖောက်ဖျက်မှုများ ပါဝင်ကြောင်း သိရသည်။

YBS ယာဉ်များနှင့် အဆင်မပြေမှုများရှိပါက YBS Page မှတစ်ဆင့်တိုင်ကြားရန်နှင့် တိုင်ကြားချက်များကို မှတ်တမ်းနှင့်တကွ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ယင်းလူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၆ ရက်က ကြေညာထားသည်။

YBS ယာဉ်များနှင့် အဆင်မပြေမှုများရှိပါက YBS လူမှုကွန်ရက်စာမျက်နှာမှ တိုင်ကြားပေးရန်၊ တိုင်ကြားမည့် ကားနံပါတ် ယာဉ်နံပါတ်၊ ရက်စွဲအတိအကျ တိုင်ကြားပေးရန်၊ တိုင်ကြားချက်များကို မှတ်တမ်းနှင့်တကွ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း YBS ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့နှင့် ယာဉ်ထိန်းရဲ (ယာဉ်စည်းကမ်း) အဖွဲ့တို့ပူးပေါင်းပြီး ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်းသည့် နေရာများနှင့် မှတ်တိုင်များတွင် စစ်ဆေးကြပ်မတ်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ယာဉ်ကြောကြပ်တည်းသည့် နေရာများနှင့် မှတ်တိုင်များတွင် စစ်ဆေးကြပ်မတ်မှုများကို အောက်တိုဘာ ၁၇ ရက်ကစတင်ကာ ဆောင်ရွက်ခဲ့ပြီး စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent