Hayman Capital အသေးစားငွေချေးလုပ်ငန်းက ဒေါ်လာကိုးသိန်းနှင့် ညီမျှသော မြန်မာကျပ်ငွေအား အသေးစားစီးပွားရေး လုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ကိုင်သူများကို ထုတ်ချေးမည်

Hayman Capital အသေးစားငွေချေးလုပ်ငန်းက ဒေါ်လာကိုးသိန်းနှင့် ညီမျှသော မြန်မာကျပ်ငွေအား အသေးစားစီးပွားရေး လုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ကိုင်သူများကို ထုတ်ချေးမည်
Published 24 November 2017

Hayman Capital အသေးစားငွေချေး လုပ်ငန်းမှ ဒေါ်လာကိုးသိန်းနှင့်ညီမျှသော မြန်မာကျပ်ငွေအား အသေးစားစီးပွားရေးလုပ်ငန်း၊ စွန့်ဦးတီထွင်လုပ်ငန်းနှင့် တစ်နိုင်ငံတစ်ပိုင် စီးပွားရေးလုပ်ကိုင်သူ ၃၅၀၀ ခန့်အား ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

Hayman Capital အသေးစားငွေချေးလုပ်ငန်းမှ မလေးရှားအခြေစိုက် Maybank (ရန်ကုန်ဘဏ်ခွဲ) ထံမှ အမေရိကန်ဒေါ်လာ ကိုးသိန်းနှင့်ညီမျှသော မြန်မာကျပ်ငွေကို ဘဏ်ချေးငွေအဖြစ် ထပ်မံထုတ်ယူခဲ့ပြီး အဆိုပါချေးငွေဖြင့် အသေးစားစီးပွားရေး လုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ ၃၅၀၀ ခန့်အား ၎င်းတို့၏ စီးပွားရေး ပိုမိုလည်ပတ်နိုင်ရန် ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘဏ်ချေးငွေနှင့်ပတ်သက်ပြီး Hayman Capital မှ CEO Mr.Sultal Marenov က” မြန်မာနိုင်ငံရဲ့ ဘဏ်ဝန်ဆောင်မှုကို မရနိုင်သေးတဲ့ ကျေးလက်ဒေသတွေမှာ ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေ တိုးချဲ့ဖို့အတွက် အကူအညီပေးတဲ့ Maybank ကို ကျေးဇူးတင်ပါတယ်။ ပထမအကြိမ်ရယူခဲ့တဲ့ ဘဏ်ချေးငွေတွေကတော့ ထောင်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းတွေအပေါ် အကျိုးရလဒ်တွေ ဖြစ်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ ယခုဒုတိယ ဘဏ်ချေးငွေကလည်း အလားတူအကျိုး ဖြစ်ထွန်းစေမှာပါ” ဟု ပြောကြားသည်။

Hayman Capital အနေဖြင့် Maybank ထံမှ ပထမအကြိမ် ဘဏ်ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းနှင့်ညီမျှသော မြန်မာကျပ်ငွေကို မေလအတွင်း ရယူခဲ့ပြီး အဆိုပါ ဘဏ်ချေးငွေဖြင့် ရန်ကုန်နှင့် ပဲခူးရှိ ငွေချေးဖောက်သည်ပေါင်း ငါးထောင်ကျော်ကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent