<

ကွန်ဒိုမီနီယံ နည်းဥပဒေထွက်ရှိပြီး နိုင်ငံခြားသားများပါဝင်လာပါက ပြည်တွင်းအိမ်ရာစီမံကိန်း လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

ရန်ကုန်မြို့လယ်ရှိ ကွန်ဒိုမီနီယံအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

မြန်မာနိုင်ငံ ကွန်ဒိုမီနီယံနည်းဥပဒေ ထွက်ရှိလာပြီး နိုင်ငံခြားသားများ အဓိက ပါဝင်လာခြင်းနှင့် ၀ယ်ယူလာနိုင်ပါက ပြည်တွင်းအိမ်ရာ စီမံကိန်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်မြို့ရှိ  ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ/ အိမ်ခန်းသော့ အပ်နှံပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

“ဥပဒေကထွက်ပြီးပြီ။ အခုက နည်းဥပဒေလေး ကျန်နေတာ။ လွှတ်တော်ကိုတင်လိုက်ပြီး လွှတ်တော်မှာ အဆုံးအဖြတ်လုပ်မယ်။ ရက်ပေါင်း ၉၀ လွှတ်တော်က ကန့်ကွက်ရင်တော့ ဒါတွေကတော့ ပြီးသွားပါပြီ။ နည်းဥပဒေ နည်းနည်းကျန်သေးတယ်။ အဓိက နိုင်ငံခြားသားတွေဝင်လာမှ အိမ်ရာစီမံကိန်းက တိုးတက်မှာပါ။ ပြည်တွင်းမှာရှိတဲ့ အားလောက်နဲ့မရဘူး။ International Finance တွေဝင်လာမှ ဖြစ်မယ်။ ကိုယ့်တိုင်းပြည်က ငွေနဲ့က ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာလေး တစ်ခုပဲရှိတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားသည်။

ပြည်တွင်းရှိ အလွှာပေါင်းစုံ၊ ကဏ္ဍအသီးသီးမှ နိုင်ငံသားများအတွက် အိမ်ရာများ၊ စီမံကိန်းများ ဆောင်ရွက်နေရသကဲ့သို့ မြန်မာနိုင်ငံတွင် စီးပွားရေးလာရောက်လုပ်ကိုင်မည့် နိုင်ငံခြားသားမျာ၊ စက်ရုံအလုပ်ရုံ လာရောက်တည်ထောင်မည့် နိုင်ငံခြားသားများအတွက် နေထိုင်မှုအဆင်ပြေစေနိုင်မည့် အိမ်ရာစီမံကိန်းများလည်း လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန် နိုင်ငံတကာကုမ္ပဏီများအတွက် အဆင့်မြင့်နေအိမ်နှင့် ရုံးခန်းများ အမှန်တကယ် လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်သော ရန်ကင်းမြို့နယ်ရှိ Golden City ရုံးခန်း တာဝါအသစ်ဖွင့်လှစ်ပြီး မကြာမီ နိုင်ငံတကာ ကုမ္ပဏီကြီးများ၏ ရုံးခန်းများ ပြောင်းရွှေ့လာကြကြောင်း iMyanma.Com မှ မန်နေဂျင်း ဒါရိုက်တာက ပြောကြားထားသည်။

လတ်တလောတွင် ပြည်တွင်းအိမ်ခြံမြေ လုပ်ငန်းဈေးကွက်အတွင်း အခက်အခဲများ တွေ့နေရသော်လည်း လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံသည် အာရှအိမ်ခြံမြေ လုပ်ငန်းအတွက် ထိပ်တန်းရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမည့် နေရာတစ်ခု ပြန်ဖြစ်လာမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် PropertyGuru Asia Property Awards ၂၀၁၈ ခုနှစ် ပြိုင်ပွဲစတင်ခြင်း မိတ်ဆက်ခြင်းအခမ်းအနားမှ သိရသည်။

“အခုလတ်တလော လေးလပတ်ကာလမှာ ပြည်တွင်းအိမ်ခြံမြေလုပ်ငန်းဈေးကွက် အခက်အခဲတွေ့နေရတာ သေချာပေမဲ့လာ မယ့်နှစ်တွေအတွင်း စည်းမျဉ်းဥပဒေပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ ရင်ဆိုင်ပြီးတာနဲ့တစ်ပြိုင်နက် မြန်မာနိုင်ငံဟာ အာရှမှာအိမ်ခြံမြေလုပ်ငန်းအတွက် ထိပ်တန်းရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရမယ့်နေရာတစ်ခု ပြန်လည်ဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု Property Guru အာရှအိမ်ခြံမြေဆုပေးပွဲ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ တယ်ရီဘလက်ဘန်းက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံ၏ အိမ်ရာအဆောက်အအုံကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှစ်ခုမှ ဒေါ်လာသန်း ၈၉၀ နီးပါး ၀င်ရောက်မြှုပ်နှံထားပြီး စင်ကာပူနိုင်ငံက အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် သြဂုတ်လအထိ အိမ်ရာအဆောက်အအုံကဏ္ဍတွင် မြန်မာနိုင်ငံသားများက လုပ်ငန်းငါးခုတွင် ကျပ် ၁၅၆၈၈၃ ဒသမ ၃၇ သန်း ၀င်ရောက်မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

November 23, 2017














Copy Protected by Chetan's WP-Copyprotect.