အကြမ်းဖက်သမားများ၏ ရန်ကြောင့် မေယုတောင်ပေါ်တွင် ပုန်းအောင်းခဲ့ရပြီး တစ်ရွာလုံးပြောင်းရွှေ့ ထွက်ပြေးခဲ့ရသော မောင်တောမြို့မြောက်ပိုင်း မြဝတီကျေးရွာနေသူတို့အား နေရာသစ်သို့ ပြောင်းရွှေ့ပေးမည်

အကြမ်းဖက်သမားများ၏ ရန်ကြောင့် မေယုတောင်ပေါ်တွင် ပုန်းအောင်းခဲ့ရပြီး တစ်ရွာလုံးပြောင်းရွှေ့ ထွက်ပြေးခဲ့ရသော မောင်တောမြို့မြောက်ပိုင်း မြဝတီကျေးရွာနေသူတို့အား နေရာသစ်သို့ ပြောင်းရွှေ့ပေးမည်
Published 24 November 2017

သြဂုတ် ၂၅ ရက် မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်တွင် အကြမ်းဖက်သမားများ၏ ရန်ကြောင့် မေယုတောင်ပေါ်တွင် ပုန်းအောင်းနေခဲ့ရပြီး တစ်ရွာလုံး ပြောင်းရွှေ့ထွက်ပြေးခဲ့ရသော မောင်တောမြို့ မြောက်ပိုင်း မြဝတီကျေးရွာအား နေရာသစ်တွင် ပြောင်းရွှေ့တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြဝတီကျေးရွာအား ကြိမ်ချောင်း -တမန်းသားလမ်းပေါ်ရှိ နတ်ချောင်းအုပ်စု ဒေဝါနလီအရပ်တွင် အသစ်တည်ဆောက်လျက်ရှိသော ခုံတိုင်(မြိုတိုင်းရင်းသားကျေးရွာ) အနီး မြေနေရာလွတ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြဝတီကျေးရွာသူ၊ ကျေးရွာသားများအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက လာရောက်တွေ့ဆုံပြီး ကျေးရွာသူ၊ သားများ၏ သဘောဆန္ဒနှင့် ဆောက်လုပ်လိုသည့် အိမ်အနေအထားများကို ကွင်းဆင်းမေးမြန်းခဲ့ကြပြီး အသစ်တည်ဆောက်မည့် မြဝတီကျေးရွာတွင်  အိမ်ထောင်စု ၅၃ စုလူဦးရေ ၂၈၅ ဦးရှိကြောင်းလည်း သိရသည်။

မြဝတီကျေးရွာသား ဦးထွန်းသိန်းက  “ကျွန်တော်တို့ရွာက လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းဘူး။ ကျန်းမာရေးကဏ္ဍနဲ့လည်း မကောင်းလို့ ကျွန်တော်တို့ကို ဒီနေရာကို ပြောင်းရွှေ့ပေးဖို့ တင်ပြလို့ ခုံတိုင်ရွာရဲ့ မြောက်ဘက်မှာ ရွာသစ်တည်ဖို့ လုပ်နေတာပါ။ မြဝတီရွာမှာ အိမ်ထောင်စု ၅၃ စုရှိပြီးတော့ လူဦးရေ ၂၈၅ ဦးနေထိုင်ကြပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မောင်တောခရီးစဉ်အတွင်း ဘင်္ဂါလီအကြမ်းဖက်သမားများ မီးရှို့ခဲ့သည့် ခုံတိုင်ကျေးရွာအား လာရောက်စဉ်  မြဝတီကျေးရွာသူ၊ ကျေးရွာသားများက နေရာသစ်သို့ပြောင်းရွှေ့ပေးရန် တင်ပြခဲ့ကြကြောင်းလည်း သိရသည်။

မီးလောင်ပျက်စီးသွားသည့် ခုံတိုင်ကျေးရွာသစ်တွင် နေအိမ် ၄၈ လုံးလူဦးရေ ၂၆၁ ဦးနေထိုင်နိုင်ရန် နတလမှ တာဝန်ယူတည် ဆောက်လျက်ရှိကြောင်းလည်း သိရသည်။

မြဝတီကျေးရွာ တည်ဆောက်မည့် နေရာအား နိုဝင်ဘာ ၂၂ ရက် က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာတို့ လာရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent