ဘုတလင်မြို့နယ်တရားရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သော တရားသူကြီး၊ ရှေ့နေနှင့် ဥပဒေအရာရှိတို့အား အဂတိလိုက်စားသည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးနေ

ဘုတလင်မြို့နယ်တရားရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သော တရားသူကြီး၊ ရှေ့နေနှင့် ဥပဒေအရာရှိတို့အား အဂတိလိုက်စားသည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးနေ
Published 24 November 2017

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့တရားရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သော တရားသူကြီး၊ ရှေ့နေနှင့် ဥပဒေအရာရှိတို့သုံးဦးအား အဂတိလိုက်စားသည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မ ရှင်(နေပြည်တော်) မှစစ်ဆေးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (နေပြည်တော်) မှ စစ်ဆေးနေခြင်းသည် ဘုတလင်မြို့တွင်ခေါ်ယူကာ  အဆိုပါသုံးဦး အားစစ်ဆေးနေကြောင်း၊ နောက်ဆက်တွဲကိစ္စ အားထပ်မံသိရှိရခြင်းမရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးကို The Daily Eleven သတင်းစာက သွားရောက်မေးမြန်းစဉ် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အရင်က ဘုတလင်မြို့တရားရုံးကရှေ့နေရယ် တရားသူကြီးရယ် ဥပဒေအရာရှိ သုံးဦးကို နေပြည်တော် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က စစ်နေတယ်။ အခုလက်ရှိ တာဝန်ယူနေတဲ့သူတွေ မဟုတ်ဘူးနော်။ ရှေ့နေကတော့ ဘုတလင်မှာရှိတယ် ကြားတယ်။ အစောကသုံးဦးကို စစ်ဆေးနေတယ်လို့ ကြားတယ်။ ကြားထဲကလူတွေကို စစ်ဆေးခြင်းရှိ မရှိတော့မသိဘူး။ နောက်ပိုင်း ကိစ္စကတော့ ကျွန်တော်တို့လည်း တရားဝင်မသိတော့ဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သူတို့ဆီမှာရှိတဲ့ ဥပဒေနဲ့ အညီဆုံးဖြတ်ရမယ်။ ဥပဒေအရာရှိကတော့ မင်းလှမြို့မှာပြောင်းပြီး တာဝန်ထမ်းဆောင်တယ်။ တရားသူကြီးကတော့ ဘယ်ပြောင်းသွားတာလည်းတော့ မသိဘူး” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

သက်သေခံမော်တော်ကားနှင့် ပတ်သက်၍ ကားပိုင်ရှင်မှ တရားသူကြီးအား ကျပ်ငွေ သိန်း ၄၀၊ ဥပဒေအရာရှိအား ကျပ်ငွေ ၁၀ သိန်း လာဘ်ငွေပေးခဲ့ရသည်ဟုဆိုကာ ကားပိုင်ရှင်မှ အဆိုပါနှစ်ဦးအား နေပြည်တော်ရှိ အဂတိတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်က စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့တရားရုံးမှ တရားသူကြီးတစ်ဦးသည် အဂတိလိုက်စားခဲ့မှု စစ်ဆေးပေါ်ပေါက်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းတရားလွှတ်တော်မှ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent