မောင်တောမြို့နယ် ဇူလကျေးရွာနှင့် မကျည်းကုန်းကျေးရွာကြားရှိ လယ်ကွင်းတွင် WY စိတ်ကြွဆေးပြား ငါးသိန်းခြောက်သောင်းနီးပါး ဖမ်းဆီးရမိ

မောင်တောမြို့နယ် ဇူလကျေးရွာနှင့် မကျည်းကုန်းကျေးရွာကြားရှိ လယ်ကွင်းတွင် WY စိတ်ကြွဆေးပြား ငါးသိန်းခြောက်သောင်းနီးပါး ဖမ်းဆီးရမိ
Published 23 November 2017

မောင်တောမြို့နယ် ဇူလကျေးရွာနှင့် မကျည်းကုန်းကျေးရွာကြားရှိ လယ်ကွင်းတွင် ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၁၁၉၃ ဖိုးရှိ WY စိတ်ကြွဆေးပြား ၅၅၉၆၅၀ အား ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီခွဲတွင် မောင်တောမြို့ (၄)မိုင်ရပ်ကွက်ဘက်မှ တောလမ်းအတွင်းသို့ အဘူကာလောင်ပါ သုံးဦးသည်  ဆာလာအိတ်ထုတ်များကို ထမ်းသွားကြောင်း (၄)မိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက အကြောင်းကြားသဖြင့် မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ပူးပေါင်းလုံခြုံရေး တပ်ဖွဲ့ဝင်များသည် မောင်တောမြို့ (၄) မိုင် ရပ်ကွက် သီဟိုဠ်ခြံလမ်းဘက်မှတစ်ဖွဲ့၊ ငွေတောင်ရွာလမ်းဘက်မှတစ်ဖွဲ့၊ (၄) မိုင်ရွာနှင့် မကျည်းကုန်းရွာ လမ်းဘက်မှတစ်ဖွဲ့အဖွဲ့ သုံးဖွဲ့ခွဲပြီး တောလမ်းများအား ပိတ်ဆို့ ရှာဖွေရာ နိုဝင်ဘာ ၂၂ ရက် နံနက်  ၁၁ နာရီခန့်တွင် မောင်တောမြို့နယ် ဇူလရွာနှင့် မကျည်းကုန်းရွာအစပ် လယ်ကွင်းထဲမှ  ဆာလာအိတ်တစ်ထုပ်၊ ခြုံထဲမှ  ဆာလာအိတ်နှစ်ထုပ် တွေ့ရှိခဲ့ကြောင်း၊ အဆိုပါအိတ်များအတွင်းမှ  WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၅၅၉၆၅၀၊ တစ်ပြားလျှင် ၂၀၀၀ ကျပ် နှုန်းဖြင့် စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၁၁၉၃ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါစိတ်ကြွဆေးပြားများအား သယ်ဆောင်သူများဖြစ်သည့် အဘူကာလောင်ပါ သုံးဦးအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။ အမှုအား မောင်တောမြို့မရဲစခန်း က မယ(ပ)၁၇/ ၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/ ၂၁ ဖြင့် အမှုဖွင့်လှစ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသူ သုံးဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent